နိုဝင်ဘာ – ၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
ရွေးကောက်ပွဲကို ပျက်စီးအောင် နှောင့်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ သုံးလတာအတွင်း အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၈၈ဦးကိုဖမ်းဆီးထားပါတယ်။
နေပြည်တော်မှာ အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးမှာ စစ်ကောင်စီ ပြည်ထဲ ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဖမ်းဆီးထားသူ ဦးရေကို ထုတ်ပြောလိုက်တာပါ။
အမျိုးသား ၈၃ ဦး နဲ့အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦး ကို ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောသွားပါဘူး။

Public Service Announcement
ဒါအပြင်ရွေးကောက်ပွဲကိုထိခိုက်စေသူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေး ယူဖို့ကိုလည်း စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက ရဲတပ်ဖွဲ့ ကို အမိန့်ပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ သူ့ကျင်းပတဲ့ ရွေးကောက်ပွဲကို နှောင်ယှက်ဖျက်ဆီးသူတွေကိုအရေးယူဖို့ ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေ ကို ဇူလိုင်လ ၂၉ ရက်မှာ ပြဌာန်းပါတယ်။
အဲဒီနောက် လူမှုကွန်ရက်ကနေ ရွေးကောက်ပွဲကို ဝေဖန်ရေးသားသူတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။
ပထမဆုံးဖမ်းဆီးခံရသူက ရှမ်းပြည်နယ် ၊တောင်ကြီးမြို့ နေ ကိုနေသွေးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းထောင် ၇ နှစ်ချခံရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့် ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ဝေဖန်တာ ၊ ပြစ်တင်တာတွေကို အားပေးထောက်ခံလို့ဆိုပြီး ဒါရိုက်တာ သုံးဦး ၊ သရုပ်ဆောင် နှစ်ဦး စုစုပေါင်းအမျိုးသား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

















































