အောက်တိုဘာ-၂၉၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ နဲ့ ဒေသခံပြည်သူတွေက စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၈) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒေသခံပြည်သူတွေနဲ့ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း” နဲ့ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးရွေးကောက်ပွဲဆန့်ကျင်ရေး ဟစ်ကြွေးမှုနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။




















































