အောက်တိုဘာ-၃၁၊၂၀၂၅။ဆဏ်း/People’s Spring
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သရော်ထားတဲ့ လင်းလင်းရဲ့ ခဝါသည် ကရေစီ ရွေးကောက်ပွဲ သီချင်း ကို ယူကျူ့မှာ ကြည့်ရှူသူ တစ်သန်းရရင် စစ်ရှောင်တွေကို သိန်း ၅၀ လှူမယ်လို့ စာရေးဆရာ ကို ဖြိုးသီဟ နဲ့ မိတ်ဆွေတွေ ပူးပေါင်းပြီး Challenge လုပ်ပါတယ်။
“ 1 M ပြည့်သွားတဲ့အခါကျရင် ငွေကျပ်သိန်း ၅၀ ကို မုံရွာလူထုသပိတ် အဖွဲ့ကတဆင့် စစ်ရှောင်ပြည်သူတွေဆီ မျှဝေကူညီသွားမှာ ဖြစ်ပါတယ်။” လို့ ကိုဖြိုးသီဟ က အောက်တိုဘာ ၃၁ ရက်ညမှာ အသိပေးထားပါတယ်။
လှူဒါန်းမယ့် သိန်း ၅၀ အတွက် ပြည်တွင်းက မိတ်ဆွေတွေလည်းပါဝင်ကူညီထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒီစိန်ခေါ်မှုအောင်မြင်သွားရင် သီချင်းကပေးချင်တဲ့ မက်ဆေ့ခ်ျက ပြည်သူအကြားပိုမိုရောက်ရှိသွားပြီး စစ်ရှောင်တွေအတွက် လည်း အလှူငွေရရှိသွားမှာဖြစ်ပါတယ်။
ဒီသီချင်းအတွက် လင်းလင်းရဲ့ ယူကျူ့ကနေ ရရှိတဲ့ငွေတွေကိုလည်း သပိတ်အဖွဲ့တွေ အတွက် လစဉ်စီးဆင်းသွားမယ်လို့ ကိုဖြိုးသီဟ ကအသိပေးထားပါတယ်။
“ ကိုယ့်ရဲ့ ကလစ်တစ်ချက်ဟာ ၁ ချက်ခုတ် ၃ ချက်ပြတ်မှာပါ။” လို့ ညွှန်းထားပါတယ်။
ဒါကြောင့် ပြည်သူတွေ အနေနဲ့ သီချင်းကို မကြာခဏ နားထောင်ဖို့နဲ့ ဒီစိန်ခေါ်မှုကိုလည်း လူသိများစေဖို့ မျှဝေပေးရန် တောင်းဆိုထားပါတယ်။
“ 1 M ပြည့်တဲ့အထိ ကျနော်တို့ စောင့်နေပါ့မယ်။ အမြန်ဆုံး ပြည့်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ ကိုဖြိုးသီဟက ရေးသားထားပါတယ်။
လင်းလင်းရဲ့ ခဝါသည်ကရေစီ ရွေးကောက်ပွဲ သီချင်းကို စစ်ကောင်စီရဲ့ရွေးကောက်ပွဲစတင်တဲ့ အောက်တိုဘာ ၂၈ ရက်မှာစတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်အထိ ကြည့်ရှုသူသုံးသောင်းကျော်ရှိပါတယ်။
















































