အောက်တိုဘာ-၃၁၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းတချို့ ပြန်လည်လှုပ်ရှားလာလို့ စစ်ရေးသတိပြုကြဖို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA၊KPDF)နဲ့ နီးစပ်သူတွေက သတိပေးထားပါတယ်။
” လွန်ခဲ့တဲ့ တပတ်ကျော်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပြီး ငြိမ်သွားတာ။ စစ်ကြောင်းတွေပါပျောက်သွားတာ။ အခုက မမုံတို့၊ ဖားပြင်ရွာတွေဘက်မှာ ပြန်ပြီးတိုးလာနေတယ်လို့ကြားတယ်” လို့ KPDFနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ မမုံ၊ ဖားပြင်၊မှော်တောင်းနဲ့ဆန်းကြွယ်ရွာတွေဘက်ကို ဝင်လာနိုင်တယ်လို့ဒေသခံတွေက ယူဆထားပါတယ်။

Public Service Announcement
” စစ်ကြောင်းသတင်းနားစွင့်နေတာ။ ဟိုရက်က ငြိမ်နေတာကိုလည်း သံသယဝင်နေတာ။ အခု မမုံမှာရောက်နေပြီကြားတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသကိုရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေထဲက အင်အား ၂၀ခန့်ဟာ အောက်တိုဘာ ၂၂ရက်က ယူမာကျေးရွာဘက်ကို ရောက်လာစဉ် KIA၊ KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေများခဲ့ပါတယ်။
အဲဒီနေ့ညပိုင်းမှာ KIAတပ်ရင်း(၆)ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။အောက်တိုဘာ၂၂ရက် နောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။
ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ဧပြီကဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနေထဲက တချို့ဟာ အောက်တိုဘာပထမလပတ်ထဲမှာ ဖားကန့်-ကာမိုင်း-မိုးကောင်းလမ်းအတိုင်းပြန်ဆုတ်သွားပေမယ့် နောက်ထပ်စစ်ကြောင်းတချို့ ပြန်ဝင်လာတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေနဲ့အတူ ရှမ်းနီတပ် (SNA)နဲ့ ပြည်သူ့စစ်တွေ အင်အားအများအပြားကျန်နေခဲ့ပါတယ်။
အောက်တိုဘာလနှောင်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေလို့ ဒေသခံတွေ စစ်ရေးသတိရှိကြဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ၂၆ရက်မှာ သတိပေးထားပါတယ်။
ဒီနေ့(အောက်တိုဘာ ၃၁ရက်) ညပိုင်းမှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ဒရုန်းနဲ့လည်းကင်းထောက်နေတယ်လို့ သတင်းရရှိပါတယ်။
















































