close
Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာ​တွေကိုလူမျိုးသုဥ်းသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ AA ခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ပေးဖို့အာဂျင်တီးနားတရားရုံးချုပ်ကို BROUK တောင်းဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်စစ်ဆေးရာမှာ အာရက္ခတပ်တော် (AA) ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါထည့်သွင်းစုံစမ်းပေးဖို့ အာဂျင်တီးနား ဗဟိုတရားရုံးကို မြန်မာ ရိုဟင်ဂျာများ အဖွဲ့-ဗြိတိန် (BROUK)က တိုက်တွန်း တောင်းဆိုထားပါတယ်။

BROUK ဥက္ကဌ ဦးထွန်းခင် နဲ့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ မစ္စတာကွင်တာနာ။ ဓါတ်ပုံ-BROUK

စက်တင်ဘာ-၄၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်စစ်ဆေးရာမှာ အာရက္ခတပ်တော် (AA) ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါထည့်သွင်းစုံစမ်းပေးဖို့ အာဂျင်တီးနား ဗဟိုတရားရုံးကို မြန်မာ ရိုဟင်ဂျာများ အဖွဲ့-ဗြိတိန် (BROUK)က တိုက်တွန်း တောင်းဆိုထားပါတယ်။

စက်တင်ဘာ ၂ ရက် နေ့စွဲ တပ်ထားတဲ့ BROUKရဲ့ ထုတ်ပြန်ချက်မှာတော့ဗျူနိုအေးရိစ် အခြေစိုက် အာဂျင်တီးနားဗဟိုတရားရုံးအနေနဲ့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နည်းတူ AAရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့ကိုပါဖမ်းဝရမ်း ထုတ်ပေးဖို့ မျှော်လင့်ကြောင်း ရေးသားထားခဲ့ပါတယ်။

အာဂျင်တီးနား တရားရုံးချုပ်ဟာမြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးနဲ့ ဆက်စပ်ပြီး နိုင်ငံတကာ တရားစီရင်ရေးနယ်ပယ်မှာပထမဆုံးအဖြစ်မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်း ဆောင်တွေကို ၂၀၂၅ဖေဖော်ဝါရီ လလယ်မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။အခုတော့ အဲဒီအမှုတွဲမှာ AA ကိုပါ ထည့်သွင်း စွဲချက်တင်ဖို့ အာဂျင်တီးနား တရားရုံးချုပ်ကို BROUK က မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

BROUK ရဲ့ ကြေညာချက်မှာတော့ လတ်တလောမှာရခိုင်ပြည်နယ်ရဲ့အစိတ်အပိုင်းအများစုကို ထိန်းချုပ်ထားတဲ့ AAဟာစိုးမိုးနယ်မြေတွေထဲကရိုဟင်ဂျာ လူထုအပေါ် အစုလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဖိနှိပ်မှု နည်းလမ်းတွေသုံးပြီး ငတ်မွတ်စေမှုစတဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့စွပ်စွဲထားပါတယ်။အထူးသဖြင့် ၂၀၂၅ ခုနှစ်ထဲမှာ အဲဒီလို ဖြစ်စဉ်တွေက ပိုပြီး ထင်ရှားမြင်သာလာတယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး ဩဂုတ် ၂၉ ရက်နေ့တုန်းက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ကြေညာချက်မှာ ရိုဟင်ဂျာ အရပ်သားတွေအပေါ် AAက နိုင်ထက်စီးနင်းပြုမူ မှုတွေကို ထည့်သွင်း မှတ်တမ်းပြုစုထားခဲ့တယ်လို့လည်း BROUK က ပြောပါတယ်။ အဆိုးဆုံး ဖြစ်စဉ် တစ်ခုကတော့ ၂၀၂၄မေလ ၂ ရက်နေ့မှာ AA တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင် မြို့နယ်ထဲက ထန်းရှောက်ခံရွာထဲမှာရိုဟင်ဂျာရာဂဏန်းလောက်ကို တစ်ရက်တည်းမှာတင် အစုလိုက် သတ်ဖြတ်ခဲ့တာလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Fortify Rightsကလည်း AAရဲ့ စစ်ကြောရေး စခန်းတွေမှာ ထိန်းသိမ်းခံရတဲ့ ရိုဟင်ဂျာအမျိုးသားတွေက အကြောင်းရင်း မသိဘဲ ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းပြုစုထားတယ်လို့ BROUK က ဆိုပါတယ်။

BROUK ရဲ့ဥက္ကဋ္ဌဦးထွန်းခင်ကရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အတွက် ရာဇဝတ်မှုတွေ မြောက်တယ်ဆိုတာသံသယရှိဖို့မလိုကြောင်း၊မြန်မာစစ်တပ်နည်းတူ AAဟာလည်း အဲဒီပြစ်မှုတွေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံဖို့လိုတယ်လို့ ဆိုပါတယ်။

ကြေညာချက်ထဲမှာတော့ AAရဲ့ ရာဇဝတ်မှုတွေဟာ ရိုဟင်ဂျာတွေ ထိခိုက်နစ်နာစေတဲ့ ကျူးလွန်မှုတွေမှာ သီးခြားကိစ္စအဖြစ်သတ်မှတ်လို့မရနိုင်ဘူးလို့လည်း ထောက်ပြထားပါတယ်။ မြန်မာ စစ်တပ် ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ခဲ့တာဟာ အာဂျင်တီးနားရဲ့တရားရေးစနစ်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ကျင့်ဝတ်၊ ကြီးမားတဲ့ သတ္တိတွေကို ပြသခဲ့တဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ အခုတော့ အာဂျင်တီးနား တရားရုံးချုပ် အနေနဲ့ AAရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း မျက်ကွယ်မပြုဘဲ ထည့်သွင်းစုံစမ်းစေလိုကြောင်း BROUK က တောင်းထားပါတယ်။

ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာမှာရိုဟင်ဂျာ​တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်​တွေကို အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်​နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့ပါတယ် ။ လူမှုကွန်ရက်၌ ပြန့်နှံ့နေတဲ့ရုပ်အလောင်း​တွေဟာ ဘူးဦးတောင်မြို့နယ်တိုက်ပွဲကာလအတွင်းမှာ စစ်တပ်ရဲ့အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ စစ်သား​တွေရဲ့ရုပ်အလောင်း​တွေသာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ရွာသား ၆၀၀ လောက်ကို ULA/AAက အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတယ် ဘာညာဆိုတာ လုံး၀မဟုတ်ပါ” လို့ ဦးခိုင်သုခက​ပြောပါတယ် ။

AA ရဲ့ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာစစ်တပ်က ဘူးသီးတောင် တပ်မစကခ (၁၅) ဌာနချုပ် ကို စွန့်ခွာပြီး ထန်းရှောက်ခံရွာမှာအခိုင်အမာ ခုခံဖို့ကြိုးစားခဲ့တယ်လို့ ဦးခိုင်သုခကပြောပါတယ် ။AAကလည်း၀ိုင်းဝန်းပိတ်ဆို့ချေမှုန်းခဲ့ရာ တိုက်ပွဲ ၃ရက် ခန့်ပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်က အနည်းဆုံး ၂၀၀ ခန့် ​သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၇ စာရင်းအရ ထန်းရှောက်ခံရွာမှာ လူဦးရေ ၉၉၃ ဦးရှိကြောင်း၊ လက်ရှိ စာရင်းကို ရွာလူကြီးကို မေးမြန်းရာ ၉၁၀ ရှိတယ်လို့ သိရကြောင်း၊ စစ်ပွဲကာလ အပြီး စစ်ရှောင်များ ထန်းရောက်ခံရွာသစ်၌ ပြန်လည်နေရာချထားရာ လူဦးရေ ၇၉၁ ဦးရှိတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ လူဦးရေလျောနည်းနေမှုကို ရွာလူကြီးကို မေးမြန်းတာမှာရွာသား အချို့က ဘင်္ဂလားဒေ့ရှ်ဘက် ကဒုက္ခသည်စခန်း​တွေကိုပြေးသူ၊ ရန်ကုန်ဘက် သွားသူ၊ မလေးရှားဘက်သွားသူများရှိတယ်လို့ ရွာလူကြီးက ရှင်းပြတယ်လို့ ဦးခိုင်သုခက ရှင်းပြခဲ့ပါတယ်။သတင်းထောက်​တွေအ​နေနဲ့ အဆိုပါရွာကိုလာရောက်နိုင်တယ်လို့လည်းဦးခိုင်သုခကပြောပါတယ်။

ထန်း​ရှောက်ခံရွာက ​ဒေသခံရွာသား​တွေနဲ့ ​ဒေသခံဘာသာ​ရေး​ခေါင်း​ဆောင်​တွေကလည်း အဲဒီအ​လောင်း​တွေဟာ ရိုဟင်ဂျာရွာသား​တွေမဟုတ်ပဲစစ်သားအ​လောင်း​တွေဖြစ်တယ်လို့စက်တင်ဘာလကုန်ပိုင်းမှာ ​ပြောခဲ့တာကို ​ဒေသတွင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

မြန်မာရိုဟင်ဂျာများအဖွဲ့-ဗြိတိန် (BROUK)က AA​ခေါင်း​ဆောင်​တွေကို ဖမ်းဝရမ်းထုတ်​ပေးဖို့ အာဂျင်တီးနားတရားရုံးကို​လျှောက်ထားတဲ့အ​ပေါ်AA ရဲ့သ​ဘောထားမှတ်ချက်ကိုရနိုင်ဖို့ People’s Spring က ဦးခိုင်သုခကိုဆက်သွယ်​မေးမြန်းဖို့ကြိုးစား​နေ​ပေမယ့် ဆက်သွယ်လို့မရ​သေးပါဘူး။

ကိုးကား BROUK

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ-၄၊၂၀၂၅။People’s Spring မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်စစ်ဆေးရာမှာ အာရက္ခတပ်တော် (AA)ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါထည့်သွင်းစုံစမ်းပေးဖို့ အာဂျင်တီးနား ဗဟိုတရားရုံးကို မြန်မာ ရိုဟင်ဂျာများ အဖွဲ့-ဗြိတိန် (BROUK)က တိုက်တွန်း တောင်းဆိုထားပါတယ်။ စက်တင်ဘာ ၂ ရက် နေ့စွဲ...

သတင်း

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်ရှိစစ်ရှောင်များအတွက်အရေးပေါ် စားနပ် ရိက္ခာထောက်ပံ့ခြင်းပြုလုပ်ခဲ့ရာ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၏ ထောက်ပံ့မှုဖြင့် ဆန်အိတ်တထောင်ကျော် ပံ့ပိုးပေးခဲ့ကြောင်း ULA/AA၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO က သတင်းထုတ်ပြန်သည်။

သတင်း

ကျောက်ဖြူတွင် ပြီးခဲ့သည့်ဇူလိုင်လကတိုက်ပွဲများအတွင်း လက်လွှတ်ခဲ့ရသည့်စခန်းချို့ကို အာရက္ခတပ်​တော်( AA)ကပြန်လည်သိမ်းယူနေပြီး စစ်သင်္ဘောတစ်စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

သတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာဖက်ကို နေရပ်ပြန်ရေးကိစ္စ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီ ဝန်ကြီးချုပ် မူဟာမက် ယူနွတ်စ်က တောင်းဆိုခဲ့ပါတယ်။