မတ်-၂၇၊၂၀၂၅။ဧရာ/People’s Spring
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်စစ်ရေးတင်းမာလာမှု နှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဗုံးခိုကျင်းများတူးထားရန်အပါအဝင် အချက် ၁၁ချက်ပါ သတိပေးချက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF)က ထုတ်ပြန်သည်။
PLF သည် ဧရာဝတီတိုင်းအတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ၌ အာရက္ခတပ်တော်(AA)နှင့်အတူပူးပေါင်း၍ တိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။
စစ်မျက်နှာများ ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ကောင်စီဘက်မှလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေယာဉ်၊လေထီးဒရုန်း၊ ဒရုန်းများဖြင့်ရပ်ရွာ၊ ဆေးရုံဆေးခန်း၊ ဘာသာရေး အဆာက်အအုံမကျန် လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန် သတိပေးခြင်းဟုဖော်ပြထားသည်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှဒေသခံများမှာကတုတ်ကျင်း၊ ဗုံးခို ကျင်းများကို ခိုင်ခိုင်မာမာတူးထားကြရန်၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်၊ လေထီးဒရုန်း၊ ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးသံများကြားပါက စူးစမ်းခြင်း လိုက်လံကြည့်ရှုခြင်းမပြုဘဲ ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများအတွင်းသို့ ဝင်ရောက်နေကြရန်၊ လေယာဉ်၊ လက်နက်ကြီးသံများကြားချိန် ဗုံးခိုကျင်းများအနီးနားတွင် မရှိပါက ကျည် ကွယ်မျက်ကွယ်နေရာများ၊ မြေအနိမ့်ပိုင်းနေရာများ၊ ရေမြောင်းများ၊ လယ်ကန်သင်း များ၊ ချောင်းကမ်းပါးများ စသည်တို့တွင် ဝပ်၍နေကြရန်အကြံပြုထားသည်။
ထို့အပြင်မြို့ရွာများတွင် စစ်ကောင်စီတပ်များ စခန်းချတပ်စွဲခြင်းများ ရှိပါက အချိန်မရွေး ရမ်းသမ်းပစ်ခတ်နိုင်သောကြောင့် သတိပြုစောင့်ကြည့်ကြရန်၊ နိုးနိုးကြားကြား အိပ်စက်ကြရန် နှင့် လေယာဉ် လက်နက်ကြီး တိုက်ခိုက်မှုများရှိလာပါက ပြည်သူအချင်းချင်း အချက်ပေး ခြင်း၊ အသိပေးခြင်းများကို ဆောင်ရွက်ကြရန်၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်သည်များကို နားကို ဂွမ်းစ၊ အဝတ်စများနှင့် ပိတ်ပေးထားရန်လည်း အကြံပြုထားသည်။
ထိုအပြင် ဓာတ်ဆီ၊ လောင်စာဆီများကို လုံခြုံသောနေရာများ၊ မြေကြီးကျင်းများထဲတွင်ထားသိုကြရန်၊ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာများနှင့် စစ်ကောင်စီတပ်များ စခန်းချခဲ့သောနေရာများတွင် မပေါက်ကွဲသေးသော ခဲယမ်းအကြွင်းကျန်များနှင့် မြေမြှုပ်မိုင်းများရှိနိုင်သောကြောင့် ထိုနေရာများသို့ သွားလာခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြရန်၊မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ၊ အပိုင်းအစများ၊ ဗုံးသီးများတွေ့ပါက ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ မပြုကြရန်နှင့် နီးစပ် သည့် တော်လှန်ရေးအင်အားစုများသို့ ဆက်သွယ်အကြောင်းကြားကြရန်လည်းတိုက်တွန်းထားသည်။
ဒေသတွင်းသတင်းများနှင့် ခိုင်လုံသော သတင်းရင်းမြစ်များ မီဒီယာများမှတဆင့် စစ်ရေးသတင်းများ၊ တိုက်ပွဲသတင်းများကို အချိန်နှင့်တပြေးညီ လေ့လာကြရန်နှင့်နေ့စဉ်သွားလာလှုပ်ရှားမှုများကို စစ်ရေးသတိနှင့် သွားလာဆောင်ရွက်ကြရန် သတိပေးထားသည်။
အထက်ပါ သတ်ိ ပေးချက်များကို အတတ်နိုင်လုံး လိုက်နာဆောင်ရွက်ပြီး တော်လှန်ရေးကာလကို တော်လှန်ရေးသတိ စစ်ရေးသတိများဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲညီညီ စုစည်းချိတ်ဆက်၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လွတ်မြောက်ရေးအတွက် အတူတကွ ကြိုးစားဖြတ်ကျော်ကြပါရန် PLF က တိုက်တွန်းထားသည်။
“စစ်ရေးအခြေအနေကမြင်တဲ့အတိုင်းပါပဲ။တစ်ရက်ထက် တစ်ရက်ပိုပြင်းထန်လာပြီး ရှေ့ဆက်ပြီး တိုက်ပွဲတွေပိုပြင်းထန်ဖို့ရှိပါတယ်။ အဓိက က အရပ်သားတွေအနေနဲ့ ဘေးကင်းလုံခြုံရေးကို အာရုံစိုက်ဖို့လိုနေပါတယ်”ဟု ဧရာဝတီတိုင်းမှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ဧရာဝတီတိုင်းတွင် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော မြို့နယ်အချို့၌ ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအခါရေကြည်၊ သာပေါင်းနှင့်လေးမျက်နှာမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေသည်။
ဇန်နဝါရီလကတိုက်ပွဲတွင် ဂွမြို့နှင့် ဆက်စပ် နေသော ရွှေသောင်ယံမြို့နယ်မှ ဘောမိရွာကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်ရွာလုံးပျက်စီးသွားခဲ့သည်။လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများတွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာများ၊ စက်တပ်လေထီးများ၊ လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်နေသည်။
ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းဒေသတွင်းစစ်ရေးအခြေအနေကြောင့် လေကြောင်းနှင့်လက်နက်ကြီး၊ စက်တပ်လေထီးများအန္တရာယ်ကို သတိပြုနေထိုင်ကြရန်လည်း သတိပေးချက်ထုတ်ပြန်ထားသည်။
