မတ် ၂၄၊ ၂၀၂၅။ အီယိုရီ/People’s Spring
မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။
ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ မတ်လ ၂၂-၂၃ နှစ်ရက်တာ ဆွေးနွေးပွဲကျင်းပခဲ့ရာ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ တော်လှန်ရေးအင်အားများက စစ်အုပ်စုရဲ့ အဓိကအသက်သွေးကြော စီးပွားရေးအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကနေ ရရှိနေတဲ့ ဝင်ငွေတွေနဲ့ ဝင်ငွေရလမ်းတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ကြတာပါ။
“ကျွန်မတို့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မိတ်ဆွေတွေကို အဓိက တောင်းဆိုစရာတစ်ခုရှိပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေ ရပ်တန့်ဖို့လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ဖို့ပါပဲ”လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ မော်သဲမြာက ပြောပါတယ်။

Public Service Announcement
ကရင်နီပြည်နယ်ဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အကြီးအကျယ်ခံစားနေရတဲ့ ပြည်နယ်ဖြစ်သလို ကရင်နီပြည်ရဲ့ သုံးပုံနှစ်ပုံရှိ ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့(BMC)ကလည်း ထိုင်းလွှတ်တော်ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးခဲ့ပြီး စစ်အုပ်စုဟာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကနေ ရရှိနေတဲ့ ငွေကြေးများကို သုံးကာ လေကြောင်းတိုက်တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်းနဲ့ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း မတ်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်အုပ်စု ရာဇဝတ်မှုများပြုလုပ်နိုင်ဖို့ လွှဲပြောင်းပေးနေတဲ့ ရေနံ၊ ဓါတ်ငွေ့ ဝင်ငွေ အားလုံးကို ရပ်တန့်ပြီး အက်စခရိုး(Escrow)အကောင့်မှာ သိမ်းဆည်းလုပ်ဆောင်ဖို့၊ MOGE နဲ့ နိုင်ငံပိုင် ဘဏ်များကို အရေးယူ ပိတ်ဆို့ထားမှုများကို ရှောင်ရှားနိုင်ဖို့ ထိုင်းအစိုးရနဲ့ ကုမ္ပဏီများမှ ကူညီနေမှုများကို ရပ်တန့်ဖို့၊ တရားမဝင် အကြမ်းဖက် မြန်မာ စစ်အုပ်စုကို တရားဝင်မှု ရရှိဖို့ လုပ်ဆောင် ထောက်ပံ့နေတဲ့ ထိုင်းအစိုးရရဲ့ သံတမန်ရေးနဲ့ စီးပွားရေး ထောက်ပံ့မှု လုပ်ဆောင်ချက်များအားလုံးကို ရပ်တန့်ဖို့ အချက်တွေကို BMC က တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး PTT ရဲ့ စစ်ရာဇဝတ်မှုများမှာ ပါဝင်ပတ်သက်နေမှုများကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ဖို့၊ တရားဥပဒေ စိုးမိုးမှုမရှိသော လုပ်ရပ်များ(အထူးသဖြင့် အွန်လိုင်း ငွေကြေးလိမ်လည်လှည့်ဖြားမှုများ)နဲ့ နေရပ်ပြန်ပို့ခံနေရတဲ့ မြန်မာလူထုကို ကာကွယ်ပေးဖို့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေတွေကို ထိုင်းအစိုးရနဲ့ PTT တို့ လုပ်ဆောင်ရမယ့် အကြံပြုချက်များကိုလည်း BMC ကတိုက်တွန်းလှုံ့ဆော်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူ ၁၄၀ကျော် သေဆုံးကာ ၃၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေးအဆောက်အဦး ၁၅လုံး အပါအဝင် နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာများအပါအဝင် အဆောက်အဦး စုစုပေါင်း ၂၇၀ကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ရက်အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်များအရစစ်အုပ်စုဟာ အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀)မှု ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း(၃၇၂)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှုလေးနှစ်တာကာလအတွင်းစစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၁,၆၀၀)ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅)ခုထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းပေါင်း (၁၃၇)ဦး သေဆုံးခဲ့ရကြောင်း NUG ကမတ်လ၁၉ရက်မှာထုတ်ပြန်ထားပါတယ်။
မတ်လ ၂၂ရက်မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က စာသင်ကျောင်းများ၊ ကျန်းမာရေးဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများ၊ စျေးများပါမကျန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်
ဆောင်ဖို့ အခက်အခဲများစွာရှိကြောင်း KNPP မှ မော်သဲမြာက ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒါပေမဲ့ ကရင်နီပြည်မှာ လုပ်နိုင်သမျှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း မော်သဲမြာက ဆက်ပြောပါတယ်။
“ဒီတော်လှန်ရေးမှာ လူငယ်တွေ ဦးဆောင်ပြီး ဒီတကြိမ် ကျွန်မတို့ပြည်သူတွေ အနိုင်ရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မောင်းနှင်နေပါတယ်။ ကျွန်မတို့ အရင်လို ရှုံးနိမ့်မှာမဟုတ်ပါဘူး” လို့ မော်သဲမြာက ပြောပါတယ်။
ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ချက်နိုင်ငံသား မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မစ္စတာအီဂေါဘလာဇီဗစ်ကလည်း နွေဦးတော်လှန်ရေးကြီးရဲ့ မယိမ်းမယိုင်သော စိတ်ဓာတ်၊ ဆုံးဖြတ်ချက်သန္နိဋ္ဌာန်နဲ့ တီထွင်ဖန်တီးနိုင်မှုတို့ကြောင့် မြန်မာပြည်သူပြည်သားများရဲ့ အောင်ပွဲကြီးရနိုင်မှုကို ယုံကြည်နေတယ်လို့ ပြောပါတယ်။
