ကရင်အမျိူးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်ကြောင်း KNUဗဟိုက ယနေ့ထုတ်ပြန်သည်။
KNU ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိန်းချုပ်ထားသော အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ လူအင်အား၊ လက်နက်အင်အားများစွာဖြည့်တင်း၍ မြေပြင်မှလက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ ဝေဟင်မှအဆင့်မြင့် ဒရုန်းများနှင့် လေယာဥ်များဖြင့် သော်လည်းကောင်း နေရာအနံ့ နေစဥ်နှင့်အမျှ ပစ်ခတ်လျှက်ရှိနေကြောင်း အသိပေးသည်။
ထိုသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရသကဲ့သို့ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းကိုလည်း ကလေးလူငယ်များ၏ အနာဂါတ်ဘဝ နှင့် ပညာရေးအတွက် စစ်ဘေးစစ်ဒဏ်များအကြား ခက်ခဲစွာ သင်ယူလေ့လာခဲ့ရပြီး ကော်သူးလေ အစိုးရစစ် စာမေးပွဲကိုလည်း သစ်ပင် ဝါးပင်များအကြား ဖြေဆိုခဲ့ရာ မတ်လ ၁၄ရက်တွင် အောင်မြင်စွာ ဖြေဆို ပြီးစီး ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်များအရ မတ်လ ၁၉ရက်တွင် ကော့ကရိတ်မြို့နယ် တဘလုခို့ခီးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးကာ နေအိမ် အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့သည်။
မတ်လ ၅ရက်ကလည်း ကော့ကရိတ်မြို့နယ်အစွန်းရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့၍ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။
ထို့ပြင် မတ်လ ၄ရက်ကလည်း ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့၍ အသက် ၁၅နှစ်အရွယ် လူငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း ပျက်စီးခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က အသိပေးထားသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ခွန်နဝါရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ပန်းအောင်ရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့၍ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ၂ပါး ၊ ကိုရင် ၁ပါး၊ ကလေးငယ် ၁ဦး အပါအဝင် ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။
စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူနေထိုင်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ကော့ကရိတ်နှင့် ဝင်းရေး အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ ကလေးငယ်များသည် စာမေးပွဲကို ရာဘာတောအပါအဝင် သစ်ရိပ်ဝါးရိပ်အောက်၌ စာမေးပွဲ ဖြေဆိုခဲ့ကြရသည်။
စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား မီးရှိုဖျက်ဆီးမှုများ တိုက်ခိုက်မှုများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်အာဏာရှင် အဆက်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မတ်လ ၂၂ရက်တွင် ပြောသည်။
” သူတို့ စစ်တပ်တွေရွာတွေထဲ ဝင်လာပြီဆို ဘာကို အဓိကထားလဲ ကျနော်တို့ သတိထားမိတာ အဓိက ကျောင်းတွေရှိလား အဲဒီကျောင်းရှိရင် ကျောင်းကို ပထမဆုံးဖျက်ဆီးတယ် မီးရှို့ပစ်လိုက်တယ်”ဟု ပဒိုစောတောနီးက ပြောသည်။
၎င်းကိုယ်တိုင် KNU တပ်မဟာ(၂)နယ်မြေ၌ရှိစဉ် ၁၉၉၀ ကျော်ကာလကျောင်းဆရာဘ၀တွင် ကြုံခဲ့ရသည်မှာ စာသင်နေချိန် စစ်ကြောင်းဝင်လာ၍ ကျောင်းကိုရပ်ပြီး တောထဲသို့ ရွှေ့ကာ မိုးရာသီ၌ပင် ယာယီဝါးတဲများဖြင့် စာသင်ကြားမှုပြုလုပ်ခဲ့ရဟု ပဒိုစောတောနီးက ပြောပြသည်။
“အဲဒါတွေက ကျနော်တို့ ကော်သူးလေ ဂွင်တပြင်လုံးမှာ အကုန်လုံး ဖြစ်နေကြတယ်။ အခုလိုမျိုးဆို ပိုဆိုးတာပေါ့ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ”ဟု ပဒိုစောတောနီးက စစ်ကောင်စီနှင့် အာဏာရှင် အဆက်ဆက်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောသည်။
