ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင်များဖြစ်သော စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းများကို Justice For Myanmarက ကြိုဆိုကြောင်းထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
ထို့ပြင် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန်တိုက်တွန်းကြောင်း JFMက တိုက်တွန်းခဲ့ပြီး ဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဟု ဖော်ပြသည်။
“ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။” ဟု Justice For Myanmar၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများအား အလျင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြသည်။
မကြာမီရက်ပိုင်းအတွင်းက ငွေလိမ်ခြံကြီးများအတွင်းပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမားများကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံပေးခဲ့သော်လည်း စိုးရိမ်ပူပန်နေကြသည့် သက်ဆိုင်သူများအနေဖြင့် ယင်းလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်တွန်းအားပေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
အပြစ်ရှိသူများအား တရားစွဲဆိုခြင်းသည် အဓိကလုပ်ဆောင်ရမည့်အခန်းကဏ္ဍဖြစ်ပြီး၊ ယင်းအတွက် ဖမ်းဝရမ်းများသည် နောက်တစ်ဆင့်အနေဖြင့် ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ကြောင်း JFMက ဆိုသည်။
ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေအနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ကြောင်း ဖော်ပြသည်။
၂၀၂၄ Justice For Myanmar၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ထားပြီးဖြစ်ဟု အသိပေးသည်။
BGFခေါင်းဆောင်စောချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ၉ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး၊ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်ဟု ဆိုသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သုံးဦးအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့်ဟု အကြံပြုသည်။
ထို့ပြင် မြန်မာစစ်တပ်(အာဏာသိမ်းစစ်ကောင်စီတပ်)သည် ဒေသတွင်းဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု များကို အဓိကအားပေးကူညီနေသူဖြစ်ကြောင်းလည်း JFMက မီးမောင်းထိုးဖော်ပြသည်။
“ မြန်မာစစ်တပ်နှင့် ယင်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းခြင်း မရှိသ၍ ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အမြစ်ဖြတ်နိုင်မည် မဟုတ်ပေ”ဟုလည်း ထုတ်ပြန်သည်။
မြန်မာစစ်တပ်သည် ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကို လည်ပတ်လုပ်ကိုင်နေပြီး၊ ကရင်နယ်ခြားစောင့်တပ်နှင့် ယင်း၏ ရာဇဝတ်လုပ်ငန်းကြီးများကို လက်သပ်မွေးထားကြောင်း ဖော်ပြသည်။
ကရင်နယ်ခြားစောင့်တပ်သည် မြန်မာစစ်တပ်၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင်ရှိပြီး ယင်းတို့ ပူးပေါင်း၍ ၎င်းတို့ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ဘဏ္ဍငွေရှာဖွေပေးသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်း ကွန်ရက်တစ်ခုအဖြစ် လည်ပတ်လျှက်ရှိကြောင်း JFMက ဆိုသည်။
ထို့ကြောင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများအား ဖြေရှင်းရန် နိုင်ငံတကာအရေးယူဆောင်ရွက်ချက်များက ပိုမိုဖြန့်ကြက်စဉ်းစားပြီး မြန်မာစစ်တပ်အား ပစ်မှတ်ထားရမည်ဖြစ်သည်ဟု JFMကထောက်ပြသည်။
အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုထားသည့်အတိုင်း မြန်မာစစ်တပ်၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရရှိနေမှုများအား ဖြတ်တောက်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်တပ်သည် မြန်မာဥပဒေအရသာမက နိုင်ငံတကာဥပဒေတွင် ဖွင့်ဆိုချက်များအရပါ အကြမ်းဖက်အဖွဲ့ တစ်ရပ်ဖြစ်ကြောင်း ဖော်ပြသည်။
စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အာဆီယံသည် စစ်အုပ်စုအတွက် မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က နိုင်ငံတကာ ရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို အပြစ်ကင်းလွတ်စွာ ကျူးလွန်နေကြချိန် ၎င်းတို့အား ထောက်လှမ်းရေးအချက်အလက်နှင့် လေ့ကျင့်သင်ကြားမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်းလည်း Jကေ အာဆီယံ၏ လုပ်ရပ်များကို ထောက်ပြခဲ့သည်။
စစ်အုပ်စုအား အာဆီယံ၏ နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်းသည် ယင်းရာဇဝတ်စီးပွားဂိုဏ်းအား ပိုမိုရဲတင်းစေရုံသာမက၊ နိုင်ငံတကာဥပဒေသက်ရောက်မှုများအား ကျော်လွှားရှောင်တိမ်းနိုင်သည့် နည်းလမ်းများပေးအပ်ခြင်းဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအပေါ် နိုင်ငံတကာတုန့်ပြန်မှုများ ကိုလည်း ထိခိုက်စေခဲ့သည်ဟု ဖော်ပြသည်။
ထို့ကြောင့် အရေးယူဆောင်ရွက်မှုများတွင် စစ်အုပ်စုအား အင်တာပိုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖယ်ထုတ်ရေးလည်း ပါဝင်ရမည်ဟု ဆိုသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှုများ၏ အကြောင်းရင်းမြစ် ဖြစ်သည့် မြန်မာစစ်တပ်ကိစ္စကိုလည်း မဖြစ်မနေ ဖြေရှင်းရန်လိုကြောင်း JFMက ဆိုသည်။
“ မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်ဖို့ ဘဏ္ဍာငွေ လိုအပ်နေတာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသ၍၊ သဘာဝဓါတ်ငွေ့ ဝယ်ယူမှုကနေတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသ၍ ဆိုက်ဘာငွေလိမ်မှု တွေနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်” ဟု JFMက ဖော်ပြသည်။
မြန်မာ့အိမ်နီးချင်းဖြစ်သည့် အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် ပြတ်သားသည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန်၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရရှိနေခြင်းများအား ဖြတ်တောက်ကာ မြန်မာနိုင်ငံတွင်း အကျပ်အတည်းနှင့် ဆိုက်ဘာငွေလိမ်မှု ဘေးဆိုးများကို တုန့်ပြန်ဖြေရှင်းရန် ရှင်းလင်းသည့် တာဝန်၀တ္တရား တစ်ရပ် ရှိသည်ဟုလည်း JFMက ထုတ်ပြန်ခဲ့သည်။
ကျားဖြန့်ခေါ် အွန်လိုင်း လိမ်လည်လုပ်ငန်းများ ကြီးထွားလာမှုမှာ စစ်ကောင်စီသည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ KNU တို့ ပါဝင်သည့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ပဒိုစောတောနီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပထမဆုံး ပြောချင်တာက စကစက ဒီလုပ်ငန်းရဲ့ ပြဿနာအရင်းအမြစ်တစ်ခုဖြစ်တယ်ဆိုတာ ဒါကိုပြောချင်တယ်။ စကစ ကိုယ်တိုင်ကလည်း တရားဥပဒေစိုးမိုးမှုဆိုတာလုံး၀မရှိဘဲနဲ့ ပျက်ယွင်းနေတဲ့နေရာတိုင်းမှာ နေရာတိုင်းမှာ ဒီလုပ်ငန်းတွေက ဖြစ်ပေါ်လာတယ်ဆိုတာ အထင်အရှားမြင်တွေ့ရတယ်။” ဟု ပဒိုစောတောနီးက ပြောသည်။
အဆိုပါ ရာဇဝတ်မှု လုပ်ငန်းများမှ အကျိုးစီးပွားများကို စစ်ကောင်စီဘက်က ရရှိနေသည်မှာ အထူးပြောစရာမလိုကြောင်း၊ စစ်ကောင်စီနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ ၊ စစ်ကောင်စီ လက်အောက်ထိန်းချုပ်မှု အတွင်း၌ပင် အဆိုပါလုပ်ငန်းများ ရှိနေခြင်းဖြစ်ပြီး အမှန်တကယ်တိုက်ဖျက်လိုပါက တိုက်ဖျက်နိုင်သော်လည်း စစ်ကောင်စီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။
BGFသည် မြဝတီဒေသရှိ လူကုန်ကူးခံရသူများအား နေရပ်ပြန်ပို့ပေးသည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်နေရာ တရုတ်နိုင်ငံသား ၆၀၀ကျော်ကို နေရပ်ပြန်ပို့ပေးထားသည်။ ထို့အပြင် နေရပ်ပြန်ပို့ပေးရန် နိုင်ငံခြားသား ၆၀၀၀ကျော်ကိုလည်း ထိန်းသိမ်းထားကြောင်း BGFက ပြောသည်။
