People’s Spring
ခွေးကို ပင်လယ်ထဲ လွှင့်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ဦးကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။
အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးဟာ ထိုင်းကနေ နှင်ထုတ်ခံရတဲ့ နယ်နှင်ဒဏ်နဲ့ပါ ကြုံတွေ့နိုင်ခြေ ရှိနေတယ်လို့ ထိုင်းဆိုက်ဘာ စုံစမ်းစစ်ဆေးရေး ဗျူရို (CCIB)ရဲ့ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ထရီရောင် ဖူဖန်က ပြောပါတယ်။
ချမ်ဖွန်မှာရှိတဲ့ ပင်လယ်ကမ်းစပ် တစ်နေရာမှာ သူက ခွေးကို ပင်လယ်ထဲ လွှင့်ပစ်နေတဲ့ ဖြစ်ရပ်ကို ဗီဒီယိုနဲ့မှတ်တမ်းတင်ထားပြီးအဲဒီဗီဒီယိုအထောက်အထားအတွက် တိုင်ကြားမှုတွေ လက်ခံ ရရှိခဲ့တာလို့ ထရီရောင်က ဆိုပါတယ်။

Public Service Announcement
အဲဒီနောက် ရဲတွေက ဗီဒီယိုထဲမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ် ဘယ်သူဘယ်ဝါ ဆိုတာကို စတင် စုံစမ်း ရှာဖွေခဲ့ပါတယ်။ CCIB ဟာ ချမ်ဖွန် ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးသူ့ကို လိုက်ရှာခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် သီဟအောင်က မွိုင်ဆာမွတ်ပရာကန် ရဲစခန်းဆီ ဆက်သွယ်ခဲ့ပြီး သူဟာ ဗီဒီယိုထဲမှာ ပါတဲ့သူ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ အဲဒီ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ၂၀၂၃ နှစ်ကုန်ပိုင်း၊ သူ့အသက် ၁၇ နှစ် အရွယ်မှာ ကျူးလွန်မိခဲ့ပါတယ်လို့လည်း သူကထွက်ဆိုခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။
အဲဒီတုန်းက သူဟာ သူငယ်ချင်း တစ်ယောက်နဲ့ အရက်သောက်ပြီး မူးနေခဲ့ကြောင်း၊ အဲဒီလုပ်ရပ်အကြောင်း ပြန်စဉ်းစားတိုင်း နောင်တရမိကြောင်း သီဟအောင်က ပြောကြားခဲ့ပါတယ်။
သူက ဗီဒီယိုကို သူငယ်ချင်း ဖြစ်တဲ့ လောက်ဆူဖန်က ရိုက်ကူးထားခဲ့တာဖြစ်ပြီး လတ်တလော သူတို့နှစ်ယောက် စကားများခဲ့တဲ့နောက် ဗီဒီယိုက အွန်လိုင်းပေါ် ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက ဗီဒီယိုကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့သူဟာ လောက်ဆူဖန် ဖြစ်မယ်လို့လည်း ယုံကြည်နေပါတယ်။
ရဲတွေက သူ့ကို လာမဖမ်းခင် ဖောင်ဒေးရှင်း တစ်ခုနဲ့ ချိတ်ဆက်ပြီး ရဲတွေဆီ ဆက်သွယ် အဖမ်းခံခဲ့တာပါ။ သူ့ကို ချမ်ဖွန် ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးထားပြီး တရားစွဲဆိုဖို့ စီစဉ်နေသလို ထိုင်းကနေနှင်ထုတ်ခံရနိုင်ခြေပါ ရှိနေတာဖြစ်တယ်လို့သတင်းတွေကဖော်ပြနေပါတယ်။
