close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်အပါအဝင် ​ဒေသတွင်း ၆ နိုင်ငံက ကျားဖြန့်ကို ဇင်​ယော် စီမံချက်ဖြင့် တိုက်ဖျက်မည်ဆို

တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့(ဇန်နဝါရီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ် ​မြောက်ပိုင်းမှ ကျားဖြန််လုပ်ကိုင်သူများကို တရုတ်ရဲများက လွှဲ​ပြောင်းလက်ခံစဥ်။ ဓါတ်ပုံ- Global Times

အီယိုရီ/People’s Spring

တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့(ဇန်နဝါရီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

ကမ္ဘောဒီးယား၊ တရုတ်၊​ လာအို၊ မြန်မာ၊​ ထိုင်း၊ ဗီယက်နမ် စသည့် ၆ နိုင်ငံတို့က ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇဝတ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှုများကို ‘ဇင်ယော်’ ပူးပေါင်းလှုပ်ရှားမှုအမည်ဖြင့် အတူတကွတိုက်ဖျက်ခဲ့ကြရာ အမှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ တရားခံပေါင်း ၇သောင်းကျော်အား ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ပြည်သူ ၁၆၀ဦးကိုလည်းကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကဆိုသည်။

ထို့အပြင်၂၀၂၅ ခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် ‘ဇင်ယော်’ ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်သွားမည်ဟု အသိပေးပြီး အထူးသဖြင့် နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသော ပြည်သူပြည်သူများကို အစွမ်းကုန်ကယ်ဆယ်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း နိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ(LMLECC)သည် ဇန်နဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ‘ဇင်ယော်’ ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အထက်ပါ ၆ နိုင်ငံက ‘ဇင်ယော်’ပူးပေါင်းလှုပ်ရှားမှုသည် မျှော်မှန်းထားသော ရလဒ်များ ရရှိခဲ့ကြောင်းနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း တညီတညွတ်တည်းသဘောတူခဲ့ကြသည်ဟု ဆိုသည်။

ကျားဖြန့် ခေါ် ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် လောက်ကိုင်မြို့တွင် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အများအပြားဖမ်းဆီးနိုင်ခဲ့သလို မကြာသေးမီက လည်း ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ် နှင့် KK Park နေရာများတွင်လည်း ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ညီ​နောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်​ရေး​​ကြောင့် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် ကျားဖြန့်လုပ်ကိုင်သူနှင့် လူကုန်ကူးခံရကာ ပိတ်​လှောင်ခံရသူ ​​ထောင်နှင့်ချီ၍ ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကတရုတ်အစိုးရထံလွှဲ​​ပြောင်း​ပေးခဲ့သည်။သို့​သော် ကျားဖြန့် လုပ်ငန်းမှာ ရှမ်းပြည်နယ် အ​ရှေ့ပိုင်းအပါအဝင် အခြား​ဒေသများသို့ဆက်လက်ပျံနှံ့လာ​ကြောင်း ​ဒေသခံများက​ပြောသည်။ အထူးသဖြင့် စစ်​ကောင်စီ ထိန်းချုပ်ထား​သော​ဒေသများတွင် ကျားဖြန့်လုပ်ငန်းများပိုမိုပျံ့နှံ့​နေ​ကြောင်း KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက​ပြောသည်။

“ပထမဆုံး ပြောချင်တာက စကစက ဒီလုပ်ငန်းရဲ့ ပြဿနာအရင်းအမြစ်တစ်ခုဖြစ်တယ်ဆိုတာ ဒါကိုပြောချင်တယ်။ စကစ ကိုယ်တိုင်ကလည်း တရားဥပဒေစိုးမိုးမှုဆိုတာလုံး၀မရှိဘဲနဲ့ ပျက်ယွင်းနေတဲ့နေရာတိုင်းမှာ နေရာတိုင်းမှာ ဒီလုပ်ငန်းတွေက ဖြစ်ပေါ်လာတယ်ဆိုတာ အထင်အရှားမြင်တွေ့ရတယ်။” ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါ ရာဇဝတ်မှု လုပ်ငန်းများမှ အကျိုးစီးပွားများကို စစ်ကောင်စီဘက်က ရရှိနေသည်မှာ အထူးပြောစရာမလိုကြောင်း၊ စစ်ကောင်စီနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ ၊ စစ်ကောင်စီ လက်အောက်ထိန်းချုပ်မှု အတွင်း၌ပင် အဆိုပါလုပ်ငန်းများ ရှိနေခြင်းဖြစ်ပြီး အမှန်တကယ်တိုက်ဖျက်လိုပါက တိုက်ဖျက်နိုင်သော်လည်း စစ်ကောင်စီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“အဲဒီအကျိုးစီးပွားကနေ ရရှိလာတဲ့ ဟာကို ခွဲဝေမျှစားရင်းနဲ့ ဒီလုပ်ငန်းတွေ ကြီးထွားလာတယ်။ နောက်တချက် ပိုပြီးတော့ သတိပြုရမှာက ဒီလုပ်ငန်းကြီးထွားလာတဲ့အချိန်က ဘယ်အချိန်လဲဆို တာ ။ အကြီးမားဆုံးအချိန်က ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ဟာပဲ။ အဲဒါကြောင့်မို့လို့ တရားခံက စကစပဲ။ စကစ အာဏာသိမ်းတာနဲ့ ဒီဟာတွေက ပိုပြီး ကြီးထွားလာတယ်ဆိုတာ ထောက်ပြဖို့လိုတယ်။ ဒါက မျက်မြင်တွေ့နေရတဲ့ကိစ္စတစ်ခုဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီနှင့် ဆွေးနွေးပြီး ကျားဖြန့်တိုက်ဖျက်ရန် စဉ်းစားမှုများ ရှိပါက လုံး၀ ဖြစ်နိုင်မည်မဟုတ်ကြောင်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် နိုင်ငံအချို့ကို အသိပေးသည်။

“မတော်မတရားလုပ်နေတဲ့သူတွေနဲ့ ဒီလုပ်ငန်းပျောက်ပျက်သွားအောင်လုပ်မယ်ဆိုတာ အင်မတန်ပဲ ရယ်စရာကောင်းတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ ဒီလုပ်ငန်း ကြီးထွားလာခြင်းရဲ့ အကြောင်းအရင်းက စကစပဲဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် KNU၊ NUGနှင့် မဟာမိတ်များ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည့်အတိုင်း တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်ပြီး သတင်းအချက်အလက်ဖလှယ်ကာ လက်တွဲလုပ်ဆောင်မှသာ ပိုမိုအလုပ်ဖြစ်မည်ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ KNU တို့ ပါဝင်သည့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီ ၂၀ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေး​ကြေညာခဲ့သည်။

ယခုကဲ့သို့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် လာသည်အထိ ရာဇဝတ်မှုများ ထူပြောလာခြင်း၊ ရာဇဝတ်မှုများ၏ ပင်မအရင်းအမြစ်ကဲ့သို့ ဖြစ်လာသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်၌ အကြမ်းဖက် စစ်အာဏာရှင်အပါအဝင် အာဏာရှင် စနစ်တည်ရှိနေသရွေ့ရာဇဝတ်မှုများနှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာကိစ္စ၊ ဒေသတွင်း ဆိုင်ရာကိစ္စများကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း NUG နိုင်ငံခြားရးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်အရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA)အပစ်ရပ်ပြီးနောက် လောက်ကိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသမှ နယ်စပ်ဂိတ်များအား တရုတ်ဘက်ကပြန်ဖွင့်လှစ်ပေးလိုက်ပြီး ဝ ဒေသမှ ကုန်စည်တင်သွင်းခွင့်ပြုလိုက်သည်။

သတင်း

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။