ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တို့အကြား မတ္တရာမြို့နယ် ၊ နောင်ချို မြို့နယ် ၊ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာတဲ့အတွက် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာ နဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွါးနေတယ် လို့ မန္တလေး PDF က ဇန်နဝါရီ ၂၂ ရက်နေ့မှာထုတ်ပြန်ပါတယ် ။
“လက်ရှိ ကျွန်တော်တို့ စစ်ဆိုင်ထားတဲ့ နေရာတွေအားလုံးမှာတိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ပြောရင်တော့ရတယ် ။ လက်ရှိအချိန်ထိတော့သွေးတိုးစမ်းတဲ့သဘောမျိုးထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုပေမယ့်၊ လက်ရှိ အင်အားဖြည့်နေတဲ့ ပုံတွေကြည့်ရရင်တော့ မကြာခင်မှာပြန်ပြီးတော့ အလုံးအရင်းနဲ့ ထိုးလာနိုင်ခြေရှိတယ်လို့ ပြောလို့ရပါတယ်ဗျ”ဟု မန္တလေး PDF မှပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
မန္တလေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးအတွင်းမှာ မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ် ၊ ဆည်တော်ကြီးရဲစခန်း ၊ဖယောင်တောင် စစ်တပ်စခန်း တွေအပါအဝင် စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တလေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အရှေ့ပိုင်းက ဖြစ်ပါတယ် ။
စစ်တပ်က ၂၀၂၄ နိုဝင်ဘာလမှာ မတ္တရာမြို့နယ် အနောက်ပိုင်းက ဒေသတွင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့စခန်းနဲ့ရွာတွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာ မြို့နယ် အနောက်ပိုင်းက ရွာအများစုကို ထိန်းချုပ်ပြီးတဲ့အခါ မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ပိုင်းကို စစ်ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပါတယ် ။
မတ္တရာ မြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မန္တလး PDF က အကြိမ်ကြိမ်အထိနာပြီး လန်ကျအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်နေ့ကလည်းတော်လှန်ရေးတပ်ဖွဲ့တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ရွာသစ်ရွာ ၊ ဝန်စုရွာ နဲ့ ထိန်ပင်စောက်ရွာတို့မှာရှိတဲ့ စစ်စခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အလားတူ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကိုမန္တလေး PDFကထပ်မံတိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်းအချို့ပါဖမ်းဆီးရရှိခဲ့ပါတယ်။
ဒါအပြင်နောင်ချိုမြို့နယ် သံဘိုရွာအနီးနဲ့သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ မန္တလေးPDF တို့ အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွါးနေတယ်လို့ သိရပါတယ် ။
သပိတ်ကျင်းမြို့နဲ့ (၇)မိုင်ပဲဝေးတဲ့ ခုနစ်မိုင်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ် ။အဲဒီရွာအနီးတဝိုက်မှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက နေ အခုထိတိုက်ပွဲတွေဖြစ်ပွားနေတာပါ။
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်သာကွာဝေးပြီး ရွှေလုပ်ကွက်တွေရှိတာကြောင့်နာမည်ကြီးတဲ့သပိတ်ကျင်းမြို့ကို PDF တွေ ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ သြဂုတ် ၂၅ရက်နေ့မှာအပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်နေချိန်မှာ စစ်ကောင်စီက နောင်ချိုမြို့နယ် လူနေရပ်ကွက်များအတွင်း ဇန်နဝါရီလ (၂၁)ရက် နဲ့ (၂၂)ရက်နေ့တွေမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူသေဆုံးမှုအများအပြားရှိခဲ့တယ်လို့လည်း မန္တလေး PDF စစ်ဦးစီးအဖွဲ့ ကအသိပေးပါတယ် ။
နောင်ချိုမြို့ကို ဇန်နဝါရီ ၂၂ ရက် ဗုံးကြဲမှုမှာ အနည်းဆုံးပြည်သူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
