ရဲခေါင်/People’s Spring
လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။
အဆိုပါတပ်သားသည် စစ်ဆင်ရေးအတွင်းမှ ထွက်ပြေးရောက်ရှိလာကာ ၎င်းနှင့်အတူ MA-11 သေနတ် တစ်လက် ၊ ခဲယမ်းမီးကျောက် အချို့ ယူဆောင်ပြီး KNDF တပ်ရင်းအမှတ် (၃၄)ထံ ဇန်နဝါရီ ၂၀ရက်တွင် လာရောက်ပူးပေါင်းခြင်းဟု ဆိုသည်။

ဇန်နဝါရီ ၈ ရက်ကလည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်းရောက်လာသူတစ်ဦးသည် လက်နက်ခံယမ်းများယူဆောင်ပြီး KNDF တပ်ရင်း(၃၄)ထံ အလင်းဝင်ခဲ့သည်။

Public Service Announcement
၂၀၂၄ ဒီဇင်ဘာတစ်လတည်းပင် ရှမ်းတောင်နှင့် ထိစပ်နေသော ကရင်နီပြည်နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ CDM ဌာနမှူး မင်းသားက ပြောထားသည်။
ယမန်နှစ် နှောင်းပိုင်းကာလများနှင့် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်သားများ အလင်းဝင်လာမှု မြင့်တက်နေပြီး အများစုမှာ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသူများဖြစ်ကာ ထပ်မံဝင်ရောက်ရန် ဆက်သွယ်လာသူများရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ခေါင်းဆောင်များ၏လူတစ်စုအကျိုးအတွက် အကြမ်းဖက်ဖိနှိပ်သည့်လုပ်ရပ်များတွင် ထောက်တိုင်များအဖြစ်ရပ်တည်၍ ချေမှုန်းခံမည့်အစား အချိန်မီလက်နက်အပ်၍ ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ဘဝသစ်တွင်ရှင်သန်ရန်လည်း KNDF က တိုက်တွန်းထားသည်။















































