■စစ်ကောင်စီ တပ်ဖွဲ့ဝင်များစွာ သေဆုံးပြီး စစ်သုံ့ပန်းများစွာ၊ လက်နက်ခဲယမ်းများစွာ ရရှိမှုကို ပြသ
■ခေါင်းဆောင်မှုမပီသသူများလက်အောက်၌ အသေမခံဘဲ အမြန်လက်နက်ချရန် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ရှိ တပ်မှူး၊စစ်သည်တို့အား စစ်သုံပမ်း နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ပြော
■ရက္ခိုင်၌ စစ်ရှုံးနေသည်ကို လက်ခံရန် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအား သတင်းစကားပါး
ဟန်နွေ/People’s Spring
ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အား အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ခဲ့ရာ AA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းရထားသည့် လက်နက်ခဲယမ်းများကို အသုံးပြုပြီးထိုးစစ်ဆင်ခဲ့ကြောင်း အသိပေးကာ စစ်သုံ့ပမ်းများစွာ၊ ခဲယမ်းကျည်များစွာ ဖမ်းဆီးရရှိမှုကို ပြသခဲ့သည်။

AAသည် ဒီဇင်ဘာ ၂၀ရက် တွင် နပခ ဌာနချုပ် အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
နပခအား တိုက်ခိုက်ရာ၌ တိုင်းစစ်ဌာနချုပ် အနီးဝန်းကျင်တွင် နေရာယူထားသည့် AA စစ်သည်များက စစ်ကောင်စီထံမှ သိမ်းရသည့်သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာအမြောက်၊ နောက်ပွင့်ရိုင်ဖယ်၊ ပွိုင့်ဖက်စက်သေနတ်နှင့် အခြားစက်သေနတ်များ၊ရှော့တိုက်ဒုံး၊ လက်နက်ကြီးများအား ဟန်ချက်ညီ တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကို ပြသသည်။

Public Service Announcement
“ရန်သူ့လက်နက်ကိုယ့်လက်နက်” ဟုလည်း စစ်ကောင်စီထံမှ သိမ်းရသည့်လက်နက်များဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုအကြောင်းကို အသိပေးသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချမှု၊ ထိခိုက်သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် လက်နက်ခဲယမ်းပုံးများ၊ စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူပေး ခုခံမှု၊ AAက လေကြောင်းအား လေယာဉ်ပစ်လက်နက် အသုံးပြု ပြန်လည်ပစ်ခတ်မှုတို့ကိုလည်း ဖော်ပြခဲ့သည်။

စစ်ကောင်စီက လေယာဉ်ပေါ်မှ ချပေးသည့် လက်နက်ခဲယမ်းရိက္ခာထုပ်များစွာ ရရှိမှုနှင့် ဖမ်းမိစစ်သုံ့ပမ်းများအား ဆေးကုသပေးနေမှု၊စစ်သုံ့ပမ်းများစွာတို့အား အကျဉ်းသား ဝတ်စုံဆင်တူ ဝတ်ဆင်ပေးပြီး ထမင်ကျွေးနေမှုကိုလည်း ပြသည်။

ထို့ပြင် ဖမ်းမိထားသည့် စစ်သုံ့ပမ်းများအနက် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နှင့် အမေးအဖြေကဏ္ဍကိုလည်း ဖော်ပြခဲ့ရာ ဒီဇင်ဘာ ၂၀ရက်နေ့လည်တွင် AA၏ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရသည်ဟု ဝန်ခံပြောပြသည်။

စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့မှ စစ်ကောင်စီ တပ်မှူးစစ်သည်များအား ဘာပြောလိုလဲဟု AA ဘက်က မေးမြန်းရာ “ လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကိုတော့ ရက္ခိုင်ပြည်ရဲ့ ပထဝီဝင်အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေကနေ သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေ အနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီး တော့ လက်နက်ချအလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချ ကြပါ” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ရက္ခိုင်ရှိ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်တွနး်သည်။




AA အနေဖြင့် လက်လွတ်စပယ် မလုပ်ဘဲ ဥပဒေနှင့်အညီ စစ်သုံ့ပမ်းများကို ဆက်ဆံထိန်းသိမ်းထားရှိကြောင်း၊ ၎င်းတို့၌ ရှိသည့် ရိက္ခာ ဆေးဝါးများဖြင့်အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
“ဒါကြောင့် အာရက္ခ တပ်တော်နဲ့ ဆက်သွယ်ပြီး အမြန်ဆုံးလက်နက်ချ အလင်းဝင် ကြပါ။ အဲဒါဆိုရင် မင်းတို့တွေရဲ့အသက်ချမ်းသာရာ ရမှာဖြစ်ပါတယ်” ဟု စစ်သုံ့ပမ်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။
နပခ ကျဆုံးရခြင်းမှာ စစ်ကူ စစ်ကြောင်းများ အချိန်မီ ရောက်ရှိလာမှု မရှိခြင်း၊ ရောက်ရှိလာသည့် စစ်ကူစစ်ကြောင်း အချို့ သည် AA၏ ဝိုင်းပတ် ချေမှုန်းခြင်းခံခဲ့ရကြောင်း ၎င်းက ဆိုသည်။
“နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ရုံးကို အာရက္ခတပ်တော်က လေးဘက်လေးလံဝိုင်းပတ် ထိန်းချုပ်တိုက်ခိုက် ခံနေရတဲ့အချိန်မှာ ကျနော်တို့တွေဟာ ရိက္ခာ ၊ ဆေးဝါး၊ ခဲယမ်း ၊ ရေ ပြတ်တောက် လုံလောက်မှုမရှိတော့ဘဲနဲ့ ခုခံကာကွယ်ခဲ့ရပါတယ်။” စစ်သုံ့ပမ်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။
အရာရှိ စစ်သည်များအနေဖြင့်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခဲ့ကြောင်း ၎င်းက ပြောပြသည်။

“သောက်စရာရေ မရှိတော့တဲ့ အထိ အစွမ်းကုန်မိမိတို့က ခုခံကာကွယ်ခဲ့ရပါတယ်။ သို့သော်လည်းပဲ အာရက္ခ တပ်တော်ရဲ့ တိုက်ခိုက်မှု ပုံစံတွေနဲ့ တိုက်စွမ်းရည်တွေကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျဆုံးခဲ့ရပြီး ကျနော်တို့တွေ အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောသည်။
နေပြည်တော်နှင့် မိသားစုကို သတင်းစကားပါးလိုပါက ပြောကြားပေးရန် AA တာဝန်ရှိသူက မေးမြန်းရာ “နေပြည်တော်မှာ ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရက္ခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောသည်။

ထို့ပြင် ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန်နှင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တပ်မိသားစုများနှင့် ပြည်သူများ၏ အမုန်းတရားများကိုသာ ရရှိခံစားရမည်ဆိုသည်ကို သိရှိစေလိုကြောင်း ပြောကြားခဲ့သည်။
“မိသားစုအနေနဲ့ ကျနော်က အာရက္ခ တပ်တော်ရဲ့ထိန်းသိမ်းမှုအောက်မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပြီးစိတ်မပူဖို့ ပြောကြားလိုပါတယ်”ဟုလည်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။

AA အနေဖြင့် ရက္ခိုင်ပြည်နယ်ကို ၂၀၂၃ နိုဝင်ဘာတွင် ထိုးစစ်ဆင်ခဲ့ရာ မြို့နယ် ၁၇မြို့နယ်ရှိသည့်အနက် ၁၄မြို့နယ်ခန့်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူ နှင့်မာန်အောင်မြို့နယ်များသာ ကျန်ရှိတော့သည်။ AAသည် ချင်းပြည်နယ် ပလက်၀မြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့ပြီး ရက္ခိုင်မြို့နယ်များကို တခုပြီးတခု သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
(AA က နပခ ကိုထိုးစစ်ဆင်တိုက်ခိုက်စဥ်/ နပခ ဒုတိုင်းမှူး ၊တိုင်းဦးစီးချုပ်အပါအဝင် စစ်သုံ့ပန်းများ /အတွဲလိုက်ပစ်ဒုံးစနစ်တင်ယာဥ် ၂စီးအပါအဝင် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-AA Info Desk)
