အာရက္ခတပ်တော်(AA) က ဘူးသီးတောင်နှင့် မောင်တောမြို့နယ် နှစ်နေရာတွင် ARSA နှင့် RSO လက်နက်ကိုင်အဖွဲ့များ စခန်းချသောနေရာကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၎င်းတို့ကိုင်ဆောင်သောလက်နက်ခဲယမ်းများမှာစစ်ကောင်စီက တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း AA ကယနေ့(အောက်တိုဘာ) ၇ ရက်ညတွင်ထုတ်ပြန်သည်။
အောက်တိုဘာလ ၆ ရက်နေ့၊ ညနေ ၄ နာရီခန့် တွင် ဘူးသီးတောင်မြို့နယ်၊ ရွှေထား(မူဆလင်) ရွာ၏ အနောက်ဘက် ၄.၉ကီလိုမီတာ အကွာအဝေး၌ ARSA အကြမ်းဖက် လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုအား AAက တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းဖော်ပြထားသည်။ထို စခန်းအားသိမ်းပိုက်ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တိုကို သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။
ထိုအပြင်အဆိုစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AAကထုတ်ပြန်သည်။

Public Service Announcement
အလားတူ မောင်တောမြို့နယ်တွင် နယ်မြေလုံခြုံရေး ကင်းလှည့်နေကြသော AA တပ်ဖွဲ့ဝင်များနှင့် RSOအကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည် ယခင်စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ပြီး AA သိမ်းပိုက်ရရှိထားသော “လိပ်ရစခန်း” အနီး၌ အောက်တိုဘာလ (၆) ရက်၊ နေ့လယ် ၁ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုအသိပေးထားသည်။
RSOလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လိပ်ရစခန်းအနီးတွင် စခန်းချနေထိုင်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် MA-2 တစ်လက်၊ G3 နှစ်လက် ၊ကြောပိုးအိတ် ၁၂လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။
ARSA ၊ RSO တို့ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းအများစုမှာ စစ်ကောင်စီ၏ ကပစ စက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြသည်ဟု AAက အသိပေးထားသည်။
ထိုအပြင် မောင်တောမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ကလေးငယ် ၃ ဦးကို ARSA က ဖမ်းဆီးသွား၍ AAကဦးဆောင်ရှာဖွေလျက်ရှိကြောင်းလည်းသိရသည်။
ဖြစ်စဥ်မှာ မောင်တောမြို့နယ်ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့သည် စက်တင်ဘာလ (၃၀) ရက်နေ့တွင် မေယုတောင်ခြေရင်း၌ရှိသော လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ် ARSA လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသောကြောင့် ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DELPS) တပ်ဖွဲ့ဝင်များ၊AA တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ရှာဖွေလျက်ရှိကြောင်းအသိပေးထားသည်။
အောက်တိုဘာ ၆ရက် ညနေပိုင်းတွင်လည်း မောင်တော တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစ်စီးအားကို ARSA အဖွဲ့က လမ်းတလျှောက် အဆင့်ဆင့် ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြို့ အောင်မင်္ဂလာ ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်သီး နားထင် ကျည်ထိမှန်သေဆုံးကာ အခြား ၄ဦးလည်း လက်နက်ငယ် ဒဏ်ရာများ ရခဲ့သည်ဟုလည်း AA ကအောက်တိုဘာ ၆ ရက်တွင်ထုတ်ပြန်ထားသည်။ ဒဏ်ရာရသူများထဲတွင် ပြင်းထန်သူ ၂ဦး ပါဝင်၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ARSA တပ်ဖွဲ့ဝင်များကို အာရက္ခ တပ်တော်က လိုက်လံရှင်းလင်းလျက်ရှိသည်ဟုလည်း AAက အသိပေးသည်။
ARSA ၊ RSOအကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့်နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် AA ကသတိပေးထားသည်။
ဘူးသီးတောင်မြို့နယ်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး မောင်တောမြို့ရှိ နခခ ၅ အပါအဝင်လက်ကျန် စစ်တပ်စခန်းအချို့ကိုAA ကအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ AA အနေဖြင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိုတိုက်ပွဲများတွင်ARSA၊ RSO ၊ARA အပါအဝင် စစ်တပ်ထံစစ်သင်တန်းတက်ထားသော သူများသည် စစ်ကောင်စီနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းလည်း AAက အသိပေးထားသည်။
စစ်တပ်သည် ၂၀၁၇ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့က စစ်တပ်၏ နယ်ခြားစောင့်ရဲစခန်းများကိုအကြမ်းဖက်တိုက်ခိုက်သည်ဆိုကာ ၎င်းတို့အားနယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် စစ်ဆင်ရေးပြုလုပ်အကြမ်းဖက်ခဲ့သည်။ရိုဟင်ဂျာပြည်သူများစွာကို သတ်ဖြတ် ၊အဓ္ဓပြုကျင့်နေအိမ်များမီးရှို့အကြမ်းဖက်ခံရပြီး ဘဂ်လားဒေရှ်နိုင်ငံသို့ ရိုဟင်ဂျာသိန်းနှင့်ချီထွက်ပြေးခဲ့သည်။အဆိုပါ စစ်ရာဇဝတ်မှုများကို ကျူးလွန်းသဖြင့် ဂမ်းဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။၂၀၁၇ သြဂုတ်လတွင်စစ်တပ်ကိုအကြမ်းဖက်ပါသည်ဆိုသော ARSA အဖွဲ့မှာ စစ်တပ်နှင့် အတူတွဲအလုပ်လုပ်သောအဖွဲ့ဖြစ်နေခြင်းဖြစ်သည်။
