ရွှေပြည်စိုး/People’s Spring
ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
“စစ်တပ်ကုန်းက လှမ်းပစ်တာ။ မိသားစုကဖေးရှေ့လမ်းကို ကျတာ။ လက်ဖက်ရည်သောက်နေတဲ့အမျိုးသမီးတစ်ဦးထိပြီးသေဆုံးသွားပါတယ်။ကျနော်တို့တွေဆို ဘယ်လိုနေလို့ နေရမှန်းမသိဘူး” ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီသည် ဖားကန့်မြို့ ရဲတပ်ရင်းမှနေ၍ ယမန်နေ့(အောက်တိုဘာလ ၆ရက်) ည ၈နာရီခန့်ကတည်းက လက်နက်ကြီးများပစ်ခတ်နေခြင်းဟု ဒေသခံများကပြောသည်။
ဖားကန့်မြို့၊ ဆိုင်းတောင်ရွာတွင် စက်တင်ဘာ ၇ ရက်ကတည်းက စတင်ဖြစ်ပွားသောတိုက်ပွဲသည် အောက်တိုဘာလဆန်းတွင် ရပ်တန့်နေကြောင်း သတင်းရရှိသည်။ ဆိုင်းတောင်ရွာအတွင်းရှိ Lucky Man ဟိုတယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဟိုတယ်တွင် ဖမ်းဆီးခံထားရသော ဟိုတယ်ဝန်ထမ်းများပြန်လည်လွတ်မြောက်လာသော်လည်း စစ်ကောင်စီတပ်မှာ ဟိုတယ်၌ တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
“ရွာကို စစ်တပ်က လေကြောင်းပစ်လို့ တော်တော်လေး ထိသွားတယ်။ အခုရက်ပိုင်းမှာ Lucky Man ဟိုတယ်ကနေ စစ်ကောင်စီပြန်ထွက်မယ်ကြားနေရတယ်။ ဘာကြောင့်လဲတော့ မသိဘူး တိုက်ပွဲက ရပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဆိုင်းတောင်ရွာအတွင်းမှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို အပြီးသတ်တိုက်ခိုက်မည်ဖြစ်၍ ဒေသခံများအနေဖြင့် လုံခြုံရေးအခြေ
အနေအရ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးထားရန် KIA ကသတိပေးထားကြောင်းလည်း ဒေသခံအချို့က ပြောသည်။
