ဇေအောင်/People’s Spring
ပြည်သူများအား သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများအား စစ်တပ်အကြီးအကဲများ၏ အမိန့်ကြောင့် ပြုလုပ်ရခြင်းဖြစ်ပြီး ဝန်ချကန်တော့ပြီး တောင်းပန်လိုဟု ဘုတလင်၌ ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်သား အောင်စိုးမိုးဆိုသူက ပြောကြားသည်။
မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း ( BOB)မှာအောက်တိုဘာ ၆ ရက်ညတွင် စစ်သုံ့ပန်း အောင်စိုးမိုး၏ ၄ မိနစ်ကျော်ကြာသောဝန်ခံချက်ရုပ်သံမှတ်တမ်းတိုကိုထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement
စက်တင်ဘာလ ၃၀ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့သည်။
ဖမ်းမိသူများအနက် အမှတ်(၃၆၂)ခြေမြန်တပ်ရင်းမှ တပ်သားအောင်စိုးမိုးဆိုသူက ကျေးရွာများကို မီးရှို့ခြင်းနှင့် ရွာသားများကို သတ်ဖြတ်ခြင်းများမှာ စစ်ကြောင်းပါ အကြီးအကဲများ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ၎င်းတို့လက်အောက်ငယ်သား တပ်သားအဆင့်မှာ အကြီးအကဲခိုင်းသည့်အတိုင်း လုပ်ခဲ့ရသည်ဟု ၎င်းတပ်သားက ပြောသည်။
“ကျွန်တော်တို့အမေတွေအဖေတွေအရွယ်တွေလောက် ရှိပါတယ်။ ကျွန်တော့်အမေအရွယ်လောက်ရှိပါတယ် တွေ့ဖူးတဲ့ပြည်သူတွေက။ ကျွန်တော်တို့သူတို့အပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာတွေ၊ ဖမ်းခေါ်ပြီးတော့ အပြစ်မရှိဘဲနဲ့ အော်ဟစ်ရမ်းတာတွေ၊ မတရားသဖြင့် အိမ်တွေမီးရှို့တာတွေက အကြီးအကဲတွေရဲ့ တပ်မတော်စစ်ဗိုလ်တွေရဲ့ အာဏာပေးမှုကြောင့်မို့ အမိန့်နာခံခဲ့ရတာပါ။ မဖြစ်မနေလုပ်ခဲ့တဲ့ ရပ်ရပ်တွေအတွက်လည်း အားလုံးကို ဝန်ချကန်တော့ပြီးတော့ တောင်းပန်ချင်ပါတယ်ဗျ။”ဟု ၎င်းတပ်သားက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မုံရွာ-အရာတော်လမ်းပိုင်းတွင် အင်အား ၁၆၀ ကျော်ပါ မုံရွာတပ်နယ်လုံခြုံရေးအဖွဲ့ဖြင့် အရာတော်မှသင်တန်းသားများအား လာရောက်ခေါ်ယူစဥ် ကျေးရွာတစ်ရွာအရောက် ဗိုလ်ကြီးအောင်သူဇင်က မီးရှို့ခိုင်း၍ တပ်ကြပ်ရဲသူရနှင့်အတူ နေအိမ်တစ်အိမ်၏ မီးဖိုချောင်အား ဝင်ရောက်မီးရှို့ခဲ့ကြောင်း ၎င်းက ဝန်ခံပြောကြားသည်။
ဗိုလ်ကြီးအောင်သူဇင် မှာ အောက်တိုဘာမုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း ( BOB)မှာအောက်တိုဘာ ၆ ရက် နံနက်ထုတ်ပြန်ချက်တွင် ပြည်သူများကိုသတ်ဖြတ် ၊နေအိမ်များမီးရှို့ကြောင်းဝန်ခံသော ဗိုလ်ကြီးဖြစ်သည်။
အလားတူ ဘုတလင်မြို့မရဲစခန်းမှ ရဲတပ်သား အေးမင်းဟိန်းဆိုသူကလည်း အိမ်များမီးရှို့ခြင်းမရှိသော်လည်း ရွာတွေသွားလျှင် အဝတ်အစားများယူလာလေ့ရှိကြောင်း ၎င်းက ဝန်ခံသည်။
စစ်ကောင်စီက ၎င်းတို့အား ပြည့်ပြည့်စုံစုံထောက်ပံ့မှုမပေးနိုင်ကြောင်း ၎င်းကဆိုသည်။
အလားတူ ဖမ်းဆီးခံထားရသည့် စစ်ကောင်စီဗိုလ်ကြီးအောင်သူဇင်ကလည်း ၎င်းအနေဖြင့် ပြည်သူများအား သတ်ဖြတ်ပြီး နေအိမ်များဖျက်ဆီးခဲ့ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။
ပြည်သူလူထုအား သတ်ဖြတ်ကာ နေအိမ်များအားမီးရှူးဖျက်ဆီးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွံရှာမုန်းတီးသော်လည်း စစ်သုံပန်းဥပဒေအရသာ ထိန်းသိမ်းထားကြောင်း ဘုတလင်မြို့မှ ကာကွယ်
ရေးရဲဘော်အချို့ကပြောသည်။
ဖမ်းဆီးခံထားရသောစစ်သုံ့ပန်းဗိုလ်ကြီးက ၎င်းတို့အားထားသည်မှာအတော်များများအဆင်ပြေကြောင်း၊ဒဏ်ရာရ စစ်သားများကို သက်သာအောင်ကူညီပေးနေသည်ဟုလည်းဆိုသည်။
စက်တင်ဘာလ ၁၇ရက်က တိုက်ပွဲ၌၈၅ ဦးပါစစ်ကောင်စီစစ်ကြောင်း မှာ PDFများ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခံရကာ ၃၃ဦး သေဆုံးခဲ့သည်။ လက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းများ သိမ်း
ဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။
သေဆုံးသွားသည့်စစ်ကောင်စီရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဘုတလင်မြို့နယ်မောင်းထောင်ကျေးရွာကိုလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်းစစ်ကြောင်းထိုးရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။ ဘုတလင်မြို့နှင့် နယ်စပ်မြို့ဖြစ်သော ဒီပဲယင်းမြို့ကိုလည်းအောက်တိုဘာလ ၅ရက် ညနေပိုင်း၌ စစ်ကောင်စီကလေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရခဲ့သည်။
