လူအေး/People’s Spring
စစ်ကောင်စီက ကောလင်းမြို့နယ်အတွင်းသို့ စက်တင်ဘာလ ၃၀ရက်နေ့က တိုက်လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရှိခဲ့သည်။
ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာ အရှေ့အိုင်ကြီးလမ်းခွဲနေရာကို စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချတိုက်ခိုက်ခြင်းဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement
“ကောလင်းနဲ့ ကျွန်းလှကြားမှာ တိုက်ပွဲဖြစ်နေတာပါ။ဥက္ကံရွာနဲ့ အဝေးကြီးပါ။ ဒီနေ့မနက်အထိ ရရှိထားတဲ့သတင်းတွေအရ သေဆုံးသူ ခုနစ်ဦး ရှိနေပါပြီ။ ဒဏ်ရာရသူလေးဦးလည်း စိတ်ပူရပါတယ်” ဟု ကောလင်းမြို့ခံတစ်ဦးကပြောသည်။
ဥက္ကံကျေးရွာသည် အရပ်သားပြည်သူများ သာ နေထိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလုံးဝမရှိဟု Kawlin Revolution-KRက သတင်းထုတ်ပြန်ထားသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ ထိုသို့ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြည်သူများထိတ်လန့်နေကြကြောင်း KR က စက်တင်ဘာ ၃၀ ညပိုင်း၌ ထုတ်ပြန်သည်။
ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ကောလင်းခရိုင်ကွပ်ကဲရေး၏ကွပ်ကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ စစ်ကြောင်းထိုးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မြို့ကိုပြန်လည်တပ်စွဲနိုင်ခဲ့သည်။
ယခုအခါ ကောလင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်ခြင်းမရှိဘဲ စစ်ကောင်စီက ဒေသခံများကို လေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှ မြို့နယ်အချို့ကိုလေကြောင်းမှမကြာခဏဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူများသေဆုံး ဒဏ်ရာရမှုများ မကြားခဏဖြစ်ပွားနေသည်။
အရပ်သားပြည်သူများကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီ၏လုပ်ရပ်သည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ကထုတ်ပြန်ထားသည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့်အမျိုးသမီးများအပါအဝင် အရပ်သားများအား အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ကျူးလွန်နေသောစစ်ကောင်စီအား လေယာဉ်ဆီ နှင့် လက်နက်ခဲယမ်းရောင်းချခြင်းများ ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစု စုစုပေါင်း ၃၁၆ဖွဲ့က စက်တင်ဘာလ၁၂ ရက်နေ့တွင်ထုတ်ပြန်တောင်းဆိုခဲ့သည်။
