ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ချီဖွေ – ဝိုင်းမော်လမ်းပိုင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA ပူးပေါင်းတပ်သည် ယမန်နေ့က ချီဖွေရှိ စစ်ကောင်စီ နှင့် ပြည်သူ့ စစ်စခန်း ၄ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် ယနေ့မနက်တွင် ချီဖွေ-ဝိုင်းမော်ကြားရှိ စစ်ကောင်စီစခန်းများအား ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီ၏ ပင်မစခန်းတစ်ခု၊ ကာကင်းစခန်း ၂ခုကို ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင်ဖမ်းဆီးရရှိမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ချီဖွေ/ရှငေါ် စခကင်းစင်သွားပါပြီ။ ချီဖွေက ထွက်ပြေးသွားသော လက်ကျန် စခတွေကို ဒီမနက် အကုန်ရှင်းလင်းနိုင်ခဲ့ပြီ”ဟု သတင်းရင်းမြစ်က ပြောသည်။
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဝိုင်းမော်မြို့နယ် ဆိုင်လော် အထက်ဖက် ရှငေါ်ပင်မစခန်း ၊ ကာကင်းစခန်း၊ လက်နက်ကြီးကုန်း စုစုပေါင်း စစ်ကောင်စီစခန်း ၃ခုအား ယနေ့သိမ်းပိုက်နိုင်ခဲ့ဟု အသိပေးထားသည်။
ထို့ပြင် ချီဖွေမြို့နယ်နှင့် ခရိုင် ရဲစခန်း၊ (၄)မိုင် စုပေါင်းဂိတ်၊ ရှေ့တန်းခလရ(၁၀၅)စခန်း တို့ကို ယမန်နေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံ့ပန်းနှင့် ခဲယမ်းများ ရရှိခဲ့ကြောင်း ၎င်းကလူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။
KIA အနေဖြင့် ချီဖွေမြို့သိမ်းတိုက်ပွဲကို အချိန်တိုအတွင်း အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ တိုက်ပွဲတွင် ချီဖွေမှ စစ်ကောင်စီနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ ပန်ဝါဘက်သို့ ထွက်ပြေးသွားခြင်းများရှိကြောင်း ဒေသခံက အသိပေးထားသည်။
ချီဖွေတိုက်ပွဲနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ကချင်သတင်းဌာန KNG၏ ယနေ့ တိုက်ပွဲသတင်းဖော်ပြချက်တွင် ချီဖွေမြို့သိမ်းတိုက်ပွဲ၌ မြို့အပါအဝင် တပ်စခန်း ၅နေရာကို KIAက စက်တင်ဘာ ၂၉ရက် တစ်ရက်အတွင်း အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံကို ကိုးကား ဖော်ပြထားသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင်လည်း ချီဖွေ ဗျူဟာကုန်း၌ ထိုင်သည့် ခလရ(၁၀၅) စခန်းကျ၍ ပန်ဝါဘက် ထွက်ပြေးသွားရကြောင်း၊ ချီဖွေမြို့ကို KIAက အပြီးသတ်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
