ဟန်နွေ/People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။
စက်တင်ဘာ ၂၄ရက် နံနက် ၆နာရီခွဲမှ ၇နာရီအတွင်း မင်းတပ်မြို့အနီးနေရာများကို ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများ ကြဲချပြီး လေးကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
“အထိအခိုက်ရှိနိုင်ပါတယ်။ ဖုန်းလိုင်းမရတာရယ် လူနေနည်းတော့ သေချာမသိရသေးဘူး”ဟု မင်းတပ်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
စက်တင်ဘာ ၂၀ရက်၊ ၁၉ရက်၊၁၈ရက်၊ ၁၇ရက်၊ စက်တင်ဘာ ၉ရက်၊ စက်တင်ဘာ ၇ရက်၊ စက်တင်ဘာ ၆ရက် စက်တင်ဘာ ၄ရက်များကလည်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဩဂုတ်အတွင်းကလည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့ပြီး စက်တင်ဘာတွင် တိုက်ခိုက်မှု ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။
မင်းတပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းသို့လည်း လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် ယနေ့နံနက်အစောတွင်လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား တစ်ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။
