ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ စုန်ဆင်းလာပါက မြစ်ကမ်းဘေးနေပြည်သူများ မြစ်ကြောင်းနှင့် ၃ မိုင်အကွာသို့ ယာယီရွှေ့ပြောင်းပေးကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကမ်းဘေးဝဲယာ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့်လည်းကောင်း၊ ထိခိုက်မှုမရှိစေရန် စစ်ကောင်စီ ရေယာဥ်များ စုန်ဆင်းလာချိန်တွင် ချင်းတွင်းမြစ်ကမ်းမှ အနည်းဆုံး ၃မိုင်အကွာတွင် ယာယီရွှေ့ပြောင်းနေထိုင်ပေးကြရန် ကနီပကဖအဖွဲ့က ယနေ့ (စက်တင်ဘာ ၁ ရက်)တွင် သတိပေးသည်။
“ကျောက်ဖလက်၂စီးပါတယ်လို့ ပြောတယ်။ စုစုပေါင်း ၅ စီးတဲ့။ စုန်ဆင်းဖို့ရှိတယ်ပြောတယ်။ အခုလောလောဆယ်တော့ ဟုမ္မလင်းနားမှာပဲရှိသေးတယ်။ ဆင်းဖို့အလားအလာရှိတယ်။ လှုပ်တော့မလှုပ်သေးဘူး။”ဟု ကနီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကလည်း ချင်းတွင်းမြစ်အတွင်း ရိက္ခာပို့စစ်ကောင်စီရေယာဥ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဉ်အုပ်စုလိုက် ဖြတ်သန်းသွားလာချိန် မြစ်ကြောင်း ဝဲ၊ယာ ကိုလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
