မိထက်/People’s Spring
ကျောက်မဲမြို့မှ စစ်ကောင်စီလက်ကျန်တပ်ရင်းနှစ်ခုကို TNLA ပူးပေါင်းတပ်က ယနေ့ညနေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြား ကစဥ့်ကလျားထွက်ပြေးနေ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ကနဦးသတင်းရရှိသည်။
“၅၀၁ နဲ့ ၅၀၂ကို ဒီည အပြီး သိမ်းလိုက်ပြီ။ စစ်တပ်ဘက်က ထွက်ပြေးနေလို့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရေးနှင့်တစ်ဦးကပြောသည်။

Public Service Announcement
တိုက်ပွဲနှင့်ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )က သတင်းမထုတ်ပြန်သေးသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေးသတင်းရင်းမြစ် ငါးဦးစလုံးက ကျောက်မဲမြို့ကို TNLA သိမ်းပိုက်လိုက်သည်ဟု အတည်ပြုပေးသည်။
ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား ယနေ့(သြဂုတ် ၅) နံနက် ၅နာရီကျော်အချိန်တွင် TNLA က တိုက်ခိုက်ခဲ့ကြောင်း ယနေ့ည ၈ နာရီခန့်ကထုတ်ပြန်ထားသည်။ စခန်းကုန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၉၆)လုံး၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Y12 ဖြင့် ဗုံး (၂)လုံး နှင့် Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။


ဇွန်လ ၂၅ရက်မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိစစ်ကောင်စီစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေတပ်တော်( TNLA )နှင့်ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားသည်။ မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) အမှတ်(၅၀၁၊ ၅၀၂)တပ်စခန်းနှစ်ခုကို ရက်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီး ယနေ့ည အပြီးသတ်ရရှိခဲ့ခြင်းဟု သတင်းရရှိသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့(သြဂုတ်၅) ညနေပိုင်းတွင် TNLA အပါအဝင် တော်လှန်ရေးအဖွဲ့များကို အပြစ်တင်ပြီး ပြည်သူ့ထောက်ခံမှုဖြင့်ပြန်တိုက်မည်ဟုပြောပြီး နာရီပိုင်းအကြာတွင် TNLA ကကျောက်မဲမြို့မှ စစ်တပ်လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
TNLA ၏ စခန်းသိမ်းတိုက်ပွဲသတင်းများအား ထုတ်ပြန်ပေးနေသည် TNLA တပ်ဖွဲ့ဝင်တဦးကလည်း ” ကျောက်မဲ Done” ဟု ယနေ့ညရေးသားထားသည်။
