“လူထုဒေါ်အမာပြောသလို အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။ မင်းအောင်လှိုင်လည်း အသေထွက်ထွက်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ပြောတာပေါ့”
− နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦး
တိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံးအကြိမ်ဆုံးရှုံးပြီး ဗိုလ်ချုပ်အဆင့်အထိ ဖမ်းဆီးခံထားရချိန်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ကို ပြည်သူလူထုက ထောက်ခံရန် နှင့် ပြည်သူလူထုအများစု၏ ထောက်ခံမှုရရှိထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်မည်ဟု ယနေ့(သြဂုတ် ၅ ရက်) မိန့်ခွန်းထွက်ပြော၍ ကြုံးဝါးလိုက်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီဝါဒဖြန့်ရုပ်သံမီဒီယာမှတဆင့် ၂၅ မိနစ်ကြာ မိန့်ခွန်းပြောဆိုခဲ့ပြီး တတိုင်းပြည်လုံးကို အေးချမ်းတည်ငြိမ်သည်အထိ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ “တပ်မတော်နဲ့ မျိုးချစ်ပြည်သူ များကဦးဆောင်ဆင်နွှဲနေတဲ့ တရားသောစစ်အောင်မြင်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးက ယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။
သို့သော် စစ်တပ်သည် နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် ဆက်တိုက်ရှံးနေပြီး အားအထားရဆုံးစစ်တိုင်းတစ်ခုကိုပင် သြဂုတ် ၃ ရက်ကလက်လွတ်ဆုံးရှုံးရကာ တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတစ်ဝန်းမြို့ပေါင်း ၇၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။အခြားမြို့များစွာကစစ်တပ်စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေချိန်လည်း ဖြစ်သည်။

Public Service Announcement
“လူထုဒေါ်အမာပြောသလို အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။ မင်းအောင်လှိုင်လည်း အသေထွက်ထွက်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ပြောတာပေါ့။ သူက အသေထွက် ထွက်မှာပဲ။ သူက ဦးသိန်းစိန်တို့၊ ဗိုလ်သန်းရွှေတို့လို အရှင်ထွက်် ထွက်လို့မရတော့ဘူး။ အဲဒီတော့ သူနဲ့ အတူလိုက်မယ့်သူတွေကတော့ သူ့ထက်မိုက်မဲတဲ့သူတွေ ဖြစ်လိမ့်မယ်” ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မင်းအောင်လှိုင်၏ မိန့်ခွန်းအပေါ် မှတ်ချက်ပြုသည်။
စစ်တပ်ကို အားပေးထောက်ခံရန် ပြည်သူလူထုအား စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုနေသော်လည်း ၎င်းသည် လူထုထံမှ ထောက်ခံမှုရလိမ့်မည်မဟုတ်ကြောင်း အထက်ပါနိုင်ငံရေးအကဲခတ်က ပြောသည်။
“စစ်တပ်က အမျိုးသားရေးခေါင်းဆောင်မှုပိုင်းမှာလည်း ကျရှုံးသွားပြီ။ အမျိုးသားရေးမှာလည်း ဗမာတွေက သူ့ကိုမှမထောက်ခံတော့ဘဲ။ အဲဒီတော့ မင်းအောင်လှိုင်ရော၊ စစ်တပ်ရောက ပွဲသိမ်းနေပြီ။ စစ်တပ်က ရှင်သန်ချင်ရင်တော့ မင်းအောင်လှိုင်ကို ခါထုတ်ပြီးတော့ ပြည်သူလူထုနဲ့ပူးပေါင်းရင်တော့ အသက်ရှင်ခွင့်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ခေါင်းဆောင်၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် အမျိုးသားရေးအစွန်းရောက်များနှင့် စစ်တပ်အမာခံထောက်ခံသူများပင် စိတ်ပျက်နေကြပြီး မင်းအောင်လှိုင်ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။ သို့သော် နိုင်ငံတဝန်း အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ကြီးလေးသည့်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် မင်းအောင်လှိုင်သည် ၎င်း၏ အသက်ခန္ဓာနှင့် ကိုယ်ကျိုးစီးပွားအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးများသာမက ၎င်းကိုယ်၎င်း ယာယီသမ္မတ(တာဝန်)ကို ခန့်အပ်ထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့(သြဂုတ် ၅) မိန့်ခွန်းတွင် စစ်တပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်သည့် KIA၊ KNU၊ ၊ MNDAA၊ AA၊ TNLA ၊KNPP ၊ CNF တို့ကို အပြင်းအထန် ဝေဖန်ပြစ်တင်သွားပြီး ပြန်လည်တိုက်ခိုက်မည်ဟု ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)
ကိုလည်း အကြမ်းဖက်အဖွဲ့များအဖြစ် တံဆိပ်ကပ်ကာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကိုလည်း သောင်းကျန်းသူများဟု မင်းအောင်လှိုင်က သုံးနှုန်းသည်။
သို့သော် မင်းအောင်လှိုင် မိန့်ခွန်းတွင် မြန်မာ နိုင်ငံအတွင်းရှိ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုပါဝင် နေသဖြင့် တနည်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များက စစ်တပ်ကို ဝိုင်းတိုက်နေပါသည်ဟု ဝန်ခံသွားခြင်းလည်းဖြစ်သည်။ ထို့အပြင် မင်းအောင်လှိုင်က လူမျိုးရေး သွေးခွဲသော၊ ပြည်သူများအားတော်လှန်ရေးတပ်ဖွဲ့များနှင့် သွေးခွဲသော၊ အဖွဲ့အစည်းအတွင်း မညီညွတ်စေရန်သွေးခွဲသော အသုံးအနှုံးများကို မကြာခဏသုံးစွဲသွားသည်ကိုလည်းတွေ့ရသည်။
“ဒီလို ဖြစ်ရှိနေတဲ့အားလုံးရဲ့ တရားခံက စစ်ကောင်စီကို ခေါင်းဆောင်နေတဲ့ မအလ ပဲဖြစ်တယ်။သူက တကယ့် တရားခံပဲ။ သူများတွေအပေါ် အကုန် အပြစ်လွှဲချ ပြီးတော့ ပုံချလိုက်တဲ့ဟာအားလုံးကို ပြန်ပြီး ပြောင်းပြန်ယူလိုက်ရင် ဒါက အမှန်ပဲ လေ”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အာဏာသိမ်းခေါင်းဆောင်မိန့်ခွန်းအပေါ် တုံ့ပြန်ပြောကြားသည်။
ပြည်သူတစ်ဦးကလည်း အာဏာသိမ်းခေါင်းဆောင်၏ မိန့်ခွန်းအပေါ် “အာဏာရှင်တွေဟာ ဘယ်တော့မှ ကိုယ့်အမှားကိုယ်ဝန်ခံမှာမဟုတ်ဘူး။အထက်ပိုင်းစစ်သားတွေက စစ်သားအလုပ်မလုပ်တော့ပဲ သူဌေးဖြစ်ဖို့ တိုင်းပြည်ကို ချနင်းဖို့ဝန်မလေးသလို အောက်ခြေ စစ်သားတွေကလည်း သူခိုးဓါးမြသူဝှက်အောက်တန်းစားတွေဖြစ်နေမှတော့ စစ်ရှုံးတာလည်း မအံ့သြလောက်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်တပ်သည် စစ်ရှုံးသည့်ဒဏ်သာမက မျှော်လင့်ချက်မဲ့သည့် ဒဏ်ပါ အပြင်းအထန်ခံနေရ၍ ညအချိန်မတော်ထုတ်ပြန်ခြင်း၊ မိန့်ခွန်းထွက်ပြောခြင်းတို့ လုပ်ဆောင်နေသော်လည်းမင်းအောင်လှိုင်၏ မိန့်ခွန်းက နိုင်ငံရေး၊ စစ်ရေး အနှစ်သာရမရှိကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။
“သူ အာဏာမက်လို့ဖြစ်လာတဲ့ အကျိုးဆက်ကြောင့် သေကြေဒုက္ခရောက်နေတဲ့ သူတွေအပေါ် ဘာခွန်အားမှ မပေးနိုင်ဘူး။ ဘာမျှော်လင့်ချက်မှမပေးနိုင်ဘူး။ သူ့ဘက်မှာ အသေခံပြီး ရပ်တည်ဖို့၊ ဝန်းရံဖို့ ဆိုတဲ့သဘောထက်မပိုဘူး။ အတိတ်သမိုင်းမှာ ငါတို့ နိုင်ခဲ့တယ်။ ဒါကြောင့် အခုလည်း နိုင်ရမယ်ဆိုတာလောက်ပဲ။ ဒီနေ့ခေတ်က သူထင်သလို အတိတ် က အောင်မြင်မှုတွေ သူ့အလိုလိုပြန် ဖြစ်လာလိမ်မယ့်လို့ စိတ်ကူး၊ ရူးနေတဲ့ခေတ်မဟုတ်တော့ဘူး။ အမှားအမှန်၊ အကျိုးဆက်အတိမ်အနက်ကို အများစုက ခွဲခြားသိမြင်တတ်နေပြီ”ဟု အထက်ပါ နိုင်ငံရေးအကဲခတ်က ပြောသည်။
စစ်ရှုံးနေရခြင်းအတွက် တော်လှန်ရေးအဖွဲများကို ငွေကြေး၊ နည်းပညာ၊ အစားအသောက်၊ လက်နက်ခဲယမ်း ကူညီသောနိုင်ငံများရှိနေသည်ဟုလည်းစွပ်စွဲ၍ အပြစ်တင်ခဲ့သည်။ MNDAA၊ AA နှင့်ဆက်စပ် အဖွဲ့အစည်းများ သည် ဒရုန်းများကိုအဆင့်မြင့်ရန် ပြင်ပကြေးစားနည်းပညာရှင်များကိုငှားရမ်းသုံးစွဲထားသောကြောင့်ဟုစွပ်စွဲခဲ့သည်။ ထို့အပြင် KNU တပ်မဟာ ၁၊၃ ၊၅ တို့က စစ်တောင်းမြစ် တဝိုက်တွင် တိုက်ကွက်ဖော်ရန် ကြံစည်နေသည်ကို သတင်းရရှိထားသည်ဟုလည်းဆိုသည်။
“စစ်ဆင်ရေးလုပ်မယ်ပြောတဲ့ဟာလဲ အဲတာဘာမှ အဆန်းမဟုတ်ဘူးလေ ။ စစ်အာဏာသိမ်းပြီးတော့ ပြောနေတာပဲ။ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင် စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းအောင်တိုက်ဖျက်သွားမယ်ဆိုတာ ကျွန်တော်တို့ ဥက္ကဌတွေ ၊စစ်ဦးစီးတွေ သွားပြီးခေါ်တယ်ဆိုတာ ဘာပြောစရာလိုလဲ။ ကျွန်တော်တို့ တစ်ဖွဲ့လုံး အဲလို ကြံစည်နေတာ “ဟု KNU ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“အထူးသဖြင့် အာဏာသိမ်းတဲ့အဖွဲ့ကို ပြိုပျက်အောင် တိုက်ဖို့ ဆိုတာ အရေးကြီးဆုံးအချက် ကျွန်တော်တို့ တောက်လျှောက်ပဲလုပ်နေတာ ။ဘာမှဖော်ညွှန်းစရာမလိုဘူးခင်ဗျ ။ ကျွန်တော်တို့ လုပ်စရာ ဒီအလုပ်ပဲရှိတယ်” ဟု ပဒိုစောတောနီး ကဆက်ပြောသည်။
မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်နိုင်ငံတဝန်း ပြည်သူပေါင်းသန်းပေါင်းများစွာ ဆန့်ကျင် ဆန္ဒပြမှုများကို ခံရပြီးနောက် မိန့်ခွန့်ပြောစဥ်က ကဲ့သို့ မျက်တွင်းများကျပြီး အသားအရည်ဖြူဖျော့နေသည်ကိုလည်းတွေ့ရသည်။
ထိုကြောင့် KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ် ဂွန်မော်ကလည်း ” နည်းနည်းပိန်သွားသလိုပဲ”ဟု ရေးသား၍ မင်းအောင်လှိုင်ပုံနှင့်အတူ ဖေစ်ဘွခ်တွင် ရေးတင်ထားသည်ကိုလည်းတွေ့ရသည်။
ကြည့်သူတစ်ဦးကလည်း “ဒါတွေဖြစ်လာဖို့က ၂၀၂၁ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာသူကိုယ်တိုင်စခဲ့တာဘဲ။သေရဲတဲ့ကောင်ထွက်ခဲ့၊လက်နက်မဲ့ပြည်သူတွေကို ခေါင်းတည့်တည့်ပစ်၊ကားနဲ့တိုက်စိန်ခေါ်ခဲ့တာသူကိုယ်တိုင်ဘဲ။သူမွှေးတဲ့မီးကသူ့ကိုပြန်လောင်လာမှသူများကိုအပြစ်ဖို့တယ်။ဘင်ဂလားဒေ့ရှ်ဝန်ကြီး ချုပ်ကိုကြည့် သူ့အာဏာထက်ပြည်သူကိုကြည့်ပြီးဖယ်ပေးလိုက်ပြီ။နိုင်ငံချစ်၊ပြည်သူချစ်တဲ့ခေါင်းဆောင်တွေဆိုဒီလိုလူစိတ်ရှိကြတယ်”ဟု မှတ်ချက်ပြုသည်။
