ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာအုပ်စု၊ ထန်းတောကျေးရွာရှိ စစ်ကောင်စီဂိတ်အား PDFများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး သေနတ် လေးလက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။
ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် ဂိတ်ရှိ စစ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာခဲ့ပြီး ဂိတ်ရှိ သေနတ်လေးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
“ပြည်သူအပေါ် အနိုင်ကျင့်ငွေတောင်းနေတဲ့စကစဂိတ်ပါ။ G3က သုံးလက်၊ Uzi က ၁ လက်ရတယ်။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ဆင်ရေးအား Salingyi-GZ ပကဖ လက်ရုံးတပ်၊Young People Force-YPF ပကဖ လက်ရုံးတပ်၊Triple Two ပကဖလက်ရုံးတပ် နှင့် ချင်းတွင်းဂဠုန်ရာဇာ ပကဖလက်ရုံးတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၃၁ရက်ကပင် ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ တာဝန်ကျနေသော ရဲတပ်သား သုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းထံ အလင်းဝင်လာခဲ့သေးသည်။
