ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ လုံခြုံရေးတာဝန်ကျနေသော ရဲတပ်သားသုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁နာရီဝန်းကျင်က ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ တာဝန်ကျနေသော ရဲတပ်သား သုံးဦးဖြစ်သည့် ဝင်းမင်းသူ၊စိမ်းမောင်မောင်နှင့် မင်းခန့်သူတို့သည် G3 တစ်လက် ၊ 7.62 ကျည်( ၁၀၀) တောင့်၊ကျည်ဘောက်နှစ်ဘောက် ၊လက်ကိုင်ဖုန်းသုံးလုံးနှင့်အတူ ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်း၊တပ်ခွဲ(၁) Brother Defense Forceတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့သည်။

Public Service Announcement
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းရှိ စစ်ကောင်စီတပ်သည် ဘေးဝန်းကျင်ရွာများသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ် ခြင်းများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပြည်သူလူထုနှင့်အတူ ရပ်တည်လာသော CDM သူရဲကောင်းများအား ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက မေတ္တာရပ်ခံထားသည်။
အလားတူ မန္တလေးတိုင်းတောင်သာမြို့နယ်၊ မကွေးတိုင်း ရေစကြိုနှင့် ပခုက္ကူမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်များဖြင့် အလင်းဝင်ရောက်လာခဲ့သည်။
(မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ အလင်းဝင်လာသော ရဲသုံးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်း)
