ဇေအောင်/People’s Spring
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ယနေ့ အသိပေးထုတ်ပြန်သည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် မုံရွာမြို့အနောက်မြောက် တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ရှော့တိုက်ရော့ကတ်များ၊ကာမီကာဇေဒရုန်းများဖြင့် ဇူလိုင် ၂၅ရက် ညနေ (၄)နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
“နမခထဲက လေယာဥ်ကွင်း၊ အားကစားကွင်းထောက်ပို့တပ်နေရာတွေကို မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးသီးချတယ်။ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ ၆ခန်းတွဲလိုင်းခန်း ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး ထိခိုက်မှုရှိကြောင်း၊ ထပရ (၉၂၉)ရိက္ခာသိုလှောင်ရုံနှင့် ပညရ(၁၁)အရာရှိရိပ်သာလည်း ထိမှန်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ဆိုသည်။
ထို့အပြင် တပ်နယ်အတွင်းရှိ လျှပ်စစ်ခွဲရုံ ထိမှန်ပျက်စီးခဲ့ပြီး နမခတပ်နယ်တခုလုံးမီးပျက်သွားခဲ့ကြောင်း၊ အလားတူ မုံရွာယာယီလေတပ်ဆွယ် ဝန်းအတွင်း ကာမီကာဇေဒရုန်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း Chindwin Rocket Brothers -(C.R.B)အဖွဲ့က ဆိုသည်။
ထိုကြောင့် နမခသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၏ နေပြည်တော်အပြန် လေယာဉ်ခရီးစဥ် ဖျက်သိမ်းခဲ့ရပြီး နောက်တနေ့ ဇူလိုင် ၂၆ရက် နံနက် ၉နာရီ ၃၇မိနစ်ခန့်က မုံရွာလေဆိပ်မှ Beech-1900D Military Transport Aircraft လေယာဥ်ဖြင့်ပြန်သွားကြောင်း NAS ထံမှ သိရသည်ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့နှင့်အတူ Chindwin Rocket Brothers -(C.R.B)၊ Chindwin Brothers၊ ချိုမိုင်မိုင် ကနီ၊Spring Guerrilla Platoon အဖွဲများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
