ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်မှု လုံး၀မရှိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
မေလ ၁၇ရက်က RCSS ပိုင် Tai Freedom သတင်းစာမျက်နှာ၌ ရှမ်းဘာသာဖြင့် သတင်းဖော်ပြချက်တွင်ရပ်စောက်မြို့နယ်တွင် SSPP ၊ ၀တပ်(UWSA) နှင့် စစ်ကောင်စီတို့ ပူးပေါင်းပြီး RCSS ကိုထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြချက် အပေါ် SSPPက ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။
အဆိုပါ သတင်းခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သည်မှာ လုံးဝ မှန်ကန်မူမရှိပဲ SSPP အနေဖြင့်လည်း ၎င်းသတင်းအား ပြင်းထန်စွာ ရှူံ့ချကြောင်း ထုတ်ပြန်ထားပြီး ရပ်စောက်မြို့နယ်အတွင်း သွားလာလုပ်ရှားသည့် SSPP/SSA တပ်ဖွဲ့ကို RCSS မှ မိုင်းဆွဲတိုက် ခိုက်ခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ခြင်းသာရှိခဲ့သည်ဟု ဖော်ပြသည်။ပြီးခဲ့သည့် မတ်လ မှ လက်ရှိ မေလထိ (၆)ကြိမ်တိုင် RCSS၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု SSPPက ဆိုသည်။

Public Service Announcement
မတ်လ ၃၁ ရက်မနက်တွင် SSPP ကရပ်စောက်မြို့နယ်အတွင်းရှိ တပ်စခန်းများကို ကွင်းဆင်းစစ်ဆေးနေချိန် ကျောက်တန်းကျေးရွာ အတက် လိမ္မော်ခြံ ကျေးရွာ အနီးနမ့်ပွန်တံတား အရှေ့ဘက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ SSPP တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟုပါရှိသည်။
SSPP တပ်ဖွဲကို RCSS က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ကိစ္စ နှင့်ပါတ်သက်ပြီး SSPP/SSA ဗဟို ဌာနချုပ် အ တွင်းရေးမှူး(၂) ဗိုလ်မှူးကြီးစိုင်းစု မှ RCSS ၏ ဗဟိုဆက်ဆံရေးတာဝန်ခံ ထံအချက် ၃ ချက် အသိပေးခဲ့သည်ဟု SSPPက ထုတ်ပြန်သည်။
ယင်းအချက်များမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် RCSS ရဲဘော်(၃) ဦးအား SSPP ထံ လွဲပြောင်း အပ်နှံပေးရန်၊ပြစ်မှုကျူးလွန်သူ (၃) ဦးကို SSPP ထံ မလွဲအပ်နိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံး ကားလမ်းမကြီး ၏ မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ရွေ့ပြောင်းပေးရန် နှင့် အဆိုပါ အချက် ၂ ချက်ကို မလိုက်နာပါက SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောင့်-အင်တော နယ်မြေ အတွင်း နယ်မြေရှင်း လင်းရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်ဟုဖော်ပြပါရှိသည်။
ထိုသို့ ညှိနိုင်းတောင်းဆိုမှုကို RCSS ဘက်က တစ်စုံတစ်ရာ တုံပြန်ခြင်း မရှိခဲ့ဘဲ SSPPကို တိုက်ခိုက်မှု အချို့သာ RCSSဘက်က ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
မေလ ၁၇ ရက်မနက်တွင် SSPP စစ်ကြောင်းမှ နားစံကျေးရွာ အနောက်ဘက်သို့ ကားဖြင့် ထွက်ခွာချိန် RCSS ရဲဘော်အင်အား (၁၀) ဦးခန့်ကဦးစွာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ရဲဘော် (၁) ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ မေလ ၁၉ ရက် တွင်လည်း ရေမောင်း ကျေးရွာ အနီး ရေချိုးသွားသည့် SSPP တပ်ဖွဲဝင် တွေကို RCSS တပ်ဖွဲမှ နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထိုအပြင် မေလ ၂၀ ရက်တွင် ရေမောင်း ကျေး ရွာအနီး နောင်ယာဆိုင်း တံတား၌ RCSS တပ်ဖွဲမှ နောက်ထပ် နှစ်ကြိမ် SSPP ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ကျဆုံးမူ မရှိခဲ့ကြောင်း အသိပေးသည်။
အလားတူ မေလ ၂၅ ရက်တွင်လည်း ရပ်စောင့်မြိုနယ် နားလုံကျေးရွာမှာ လုပ်ရှားနေသည့် SSPP စစ်ကြောင်း ကို RCSS အင်အား၁၀ဦးဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း SSPP ဘက်က ထိခိုက်ကျဆုံးမရှိခဲ့ဟု ဆိုသည်။
SSPP အနေဖြင့် မေလ ၂၆ ရက်နေ့ထိ စစ်ရေးပြင် ဆင်ပြီး RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း တစ် ကြိမ် မှ မပြုလုပ်ခဲ့ သေးကြောင်း SSPPက ထုတ်ပြန်ခဲ့သည်။SSPP၏ ယခု ထုတ်ပြန်ချက်အပေါ် RCSSဘက်က ပြန်လည်ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အဆိုပါဖြစ်စဥ်နှင့်ပတ်သပ်၍ လူထုနွေဦးက SSPP နှင့် RCSS တို့ကို ဆက်သွယ်မေးမြန်ရန် ကြိုးစားနေဆဲဖြစ်ပါသည်။
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုဖြစ်သည့် RCSSနှင့် SSPP တို့သည် နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်ကို ၂၀၂၃ နိုဝင်ဘာလက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ အပစ်မရပ်ခင်ကလည်း RCSSနှင့် SSPP တို့သည် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၂၀၂၁ ခုနှစ် စတပ် အာဏာသိမ်းပြီးနောက် SSPPနှင့် တအာင်းတပ်(TNLA)တို့ ပူးပေါင်းကာ ရှမ်းမြောက်ရှိ RCSS တပ်များကို တိုက်ခိုက်ခဲ့၍ ရှမ်းမြောက်ရှိ RCSS တပ်များ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ထိတွေ့ဆွေးနွေးမှု ပြုလုပ်နေသည့် တပ်ဖွဲ့များလည်း ဖြစ်သည်။
