ဒီးဒို/People’s Spring
ကရင်ပြည်နယ် မြဝတီမြို့သို့လာသည်ဆိုသော အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People’s Spring သို့ ပြောသည်။
“သူတို့က ကျနော်တို့ရှေ့တန်းက ရဲဘော်တွေဆီလာရောက်အလင်းဝင်တာ”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ အလင်းဝင်လာသော စစ်ကောင်စီတပ်သား နှစ်ဦးအား ကျပ်သိန်း ၂၀စီ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။

Public Service Announcement
“ပြည်သူ့ရင်ခွင်ခိုလှုံချင်တဲ့ စစ်သားတွေကို ဖိတ်ခေါ်ပါတယ်။ အမှားနဲ့အမှန်ကို စဥ်းစာချင့်ချိန်တက်မယ်လို့လည်းမြင်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သူတို့ရဲ့လက်တစ်ဆုပ်စာကိုကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံသူ၊နိုင်ငံသားတွေကို အချင်းချင်းသွေးခွဲပြီး သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကို အမြန်ဆုံးချုပ်ငြိမ်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့။ ပြည်သူ့ရင်ခွင်လောက်ငြိမ်းချမ်းအေးမြတဲ့နေရာ မရှိပါဘူး”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်း၏ ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်းလည်း ဒေါနတောင်ပေါ်၌ ဧပြီ ၃ရက်ကတိုက်ပွဲအတွင်း သေဆုံးခဲ့သည်။
မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်ပေါ်၌ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟုဆိုကာ အင်အားရာနှင့်ချီ ချီတက်လာသော စစ်ကြောင်းသည် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီး နေရာများတွင် ရောက်ရှိနေသည်မှာ ရက်သတ္တပါတ်တစ်ပတ်ကျော်ကြာရှိနေပြီဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် ယင်းနေရာများ၌ပင် ရပ်တန့်နေပြီး ရှေ့ဆက်မတိုးနိုင်သေးကြောင်း People’s Spring၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
အာဏာသိမ်းဒုခေါင်းဆောင် ဒုတပ်ချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးဆောင်ညွန်ကြားသည့်နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟုဆိုကာ မော်လမြိုင် ၊ဘားအံမြို့တို့မှ ဧပြီ ၇ရက်တွင် စတင်ချီတက်လာပြီး တစ်လပြည့်နေ့၌ ဒေါနတောင်ပေါ်တွင် စစ်ကောင်စီက ရှေ့တိုးရန် ထိုးစစ်ဆင်ခဲ့သေးသည်။
ယင်းစစ်ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်ကောင်စီတပ်သားအင်အား ၁,၀၀၀ မှ ၁,၃၀၀ အတွင်းရှိနိုင်ကြောင်း စစ်ရေးရင်းမြစ်အချို့က ပြောသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က People’s Springသို့ ပြောထားသည်။
အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။
