▪︎မြဝတီမြို့အနီးရောက်လာပြီဆိုသောသတင်းများမှာသတင်းအမှားဖြစ်ကြောင်းကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ပြောကြား
ဒီးဒီ/People’s Spring
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ပေါ်မှ ရှေ့တိုးနိုင်ခြင်းမရှိသေးကြောင်း၊ စစ်ကြောင်း မြဝတီမြို့အနီးရောက်ရှိသည်ဆိုသည်မှာ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က People’s Springသို့ ပြောသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟုဆိုကာ အင်အားရာနှင့်ချီ ချီတက်လာသော စစ်ကြောင်းသည် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီး နေရာများတွင် ရောက်ရှိနေသည်မှာ ရက်သတ္တပါတ်တစ်ပတ်ကျော်ကြာရှိနေပြီဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် ယင်းနေရာများ၌ပင် ရပ်တန့်နေပြီး ယမန်နေ့(မေလ ၁၀ရက်)အထိ ရှေ့ဆက်မတိုးနိုင်သေးကြောင်း People’s Springက သတင်းရင်းမြစ်သုံးဦးထံမှ စုံစမ်းသိရှိရသည်။
သို့သော် လူမှုကွန်ရက်တွင် အောင်ဇေယျစစ်ကြောင်းမှာ မြဝတီမြို့နှင့် (၅)မိုင်အကွာရောက်နေသည်ဟုလည်းကောင်း၊ သင်္ဃန်းညီနောင်မြို့အနီးရောက်ရှိနေသည်ဟုလည်းကောင်း သတင်းများပြန့်နှံ့နေသည်။ အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ထံ People’s Spring က ဆက်သွယ်မေးမြန်းရာ” အဝေးကြီး”ဟု မေ ၁၀ရက် ညပိုင်းတွင် ဖြေကြားသည်။

Public Service Announcement
ထို့အပြင် ကော်ဘရာစစ်ကြောင်းမှ မြေပြင်ရှိ ရဲဘော်တစ်ဦးကလည်း ” အရင်နေရာနားမှာပဲ၊ တောနောရေတံခွန်နားမှာပဲ ပတ်လည်ရိုက်နေတာ။ အဲထက်ရှေ့မတိုးနိုင်သေးဘူး။ဂိတ်တွေတောင်မရောက်သေးဘူး။ အဝေးကြီးကျန်သေးတယ်”ဟု ပြောသည်။ တိုက်ပွဲများမှာလည်း နေ့စဥ်ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
အခြား ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း”အောင်ဇေယျစစ်ကြောင်းနဲ့ပတ်သက်ပြီး သတင်းအမှားတွေ တက်နေတယ်။ မြဝတီရောက်နေပြီတို့၊ နီးနေပြီတို့ဆိုတာ မဟုတ်ဘူး။ ဘယ်မှမရောက်သေးဘူး။ သူတို့ ရှေ့တိုးလာနိုင်ဖို့ဆိုတာ မလွယ်ဘူး”ဟု ပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ်၌ မေလ ၇ရက်က စစ်ကြောင်းသုံးကြောင်း စုစုပေါင်းစစ်အင်အား ၉၀၀ခန့်ဖြင့် သုံးကြိမ်စစ်ကြောင်းထိုးလာစဥ်တော်လှန်ရေးတပ်များကတိုက်ခိုက်ရာ သုံးကြိမ်စလုံး လန်ကျခဲ့သည်။ မေလ ၈ရက်တွင်လည်း တစ်ကြိမ်စစ်ကြောင်းထိုးရန်ပြင်ဆင်နေစဥ်မှာပင် တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် ထပ်မံလန်ကျသွားသည်ဟု ဗိုလ်စောကော်က ပြောထားသည်။မေလ ၈ရက်တွင် အောင်ဇေယျစစ်ကြောင်းမှ လက်နက်ကြီးများ၊ ဟောက်ဝစ်ဇာများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးရန်ပြင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ထပ်မံလန်ကျသွားခဲ့သည်ဟု ၎င်းက ရှင်းပြသည်။
အာဏာသိမ်းဒုခေါင်းဆောင် ဒုတပ်ချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ဦးဆောင်ညွန်ကြားသည့်နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟုဆိုကာ မော်လမြိုင် ၊ဘားအံမြို့တို့မှ ဧပြီ ၇ရက်တွင် စတင်ချီတက်လာပြီး တစ်လပြည့်နေ့၌ ဒေါနတောင်ပေါ်တွင် စစ်ကောင်စီက ရှေ့တိုးရန် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်ကောင်စီတပ်သားအင်အား ၁၀၀၀ မှ ၁၃၀၀ အတွင်းရှိနိုင်ကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ဗိုလ်စောကော်က ပြောထားသည်။
အောင်ဇေယျစစ်ကြောင်းအားတော်လှန်ရေးတပ်များကအဆင့်ဆင့် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရာနှင့်ချီသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။စစ်ကြောင်းမှ သံချပ်ကာကား၊ စစ်သုံးယာဥ်များအပါအဝင်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်းKNU ကထုတ်ပြန်ထားသည်။
မေ ၃ ရက်တွင်လည်းစစ်ကောင်စီတပ်ကို ဖြတ်တောက်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။စစ်ကြောင်းမှာသေဆုံးထိခိုက်သူများသော်လည်း စစ်ကောင်စီက စစ်ကူများထပ်မံစေလွှတ်၍ရှေ့တိုးနိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်။ တိုက်ပွဲများတွင်တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှု အချို့ရှိကြောင်းလည်းသိရသည်။တော်လှန်ရေးတပ်ဖွဲ့များ၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ထွက်ပြေးအလင်းဝင်သူ၊လက်နက်ချ များလည်းရှိနေကြောင်းသိရသည်၊
စစ်ကူလာနေသော စစ်ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။
