▪︎သုံးလကျော်အတွင်း ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတဲ့စစ်သားနဲ့ နယ်ခြားစောင့်ရဲ တစ်ထောင်ဝန်းကျင်ရှိလာ
People’s Spring
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲ (BGP) တပ်ဖွဲ့ဝင် ၉၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပိုင်နက်ထဲ ထွက်ပြေး ခိုလှုံခဲ့ကြပြန်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ်ကြောင့် BGPနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အရင်ကလည်း နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲထိ ထွက်ပြေးဝင်ရောက်တာတွေ ရှိခဲ့ဖူးပါတယ်။

မေလ ၅ ရက်နေ့က နတ်မြစ်ကို ကူးပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ BGPတွေဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဆီ လက်နက်ချခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ BGPတွေကို ဘင်္ဂလားဒေ့ရှ်ရဲ့ ဘယ်အာဏာပိုင် အဖွဲ့အစည်းတွေက လက်ခံ နေရာချထားပေးမလဲ ဆိုတာက မသဲကွဲသေးပါဘူး။

Public Service Announcement
ဘင်္ဂလားဒေ့ရှ် မီဒီယာတွေရဲ့ ဖော်ပြမှုအရ နတ်မြစ်ကို ဖြတ်ကူးလာတဲ့ BGP အင်အား ၈၈ ယောက်ရှိပြီး ကမ်းခြေစောင့်တပ်က သူတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ဆီ လက်လွှဲပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်တုန်းကလည်း နောက်ထပ် BGP ၄၄ ယောက်ထက် မနည်းဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို အသက်လု ထွက်ပြေး ခိုလှုံလာခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဖက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ BGPနဲ့ စစ်သား စုစုပေါင်း ၆၁၈ ဦးကို ဖေဖော်ဝါရီလတုန်းက နှစ်သုတ်ခွဲပြီး ပြန်ပို့ခဲ့ရပြီး ဖြစ်ပါတယ်။
ဧပြီလထဲမှာ စစ်ကောင်စီတပ်သား နဲ့ နယ်ခြားစောင့်ရဲ ၃၀၀ ခန့် ထပ်မံထွက်ပြေးလာခဲ့သလို ၊မေလ ၅ ရက်မှာလည်း နယ်ခြားစောင့်ရဲ ၉၀ ခန့်ထပ်မံထွက်ပြေးလာတယ်ဖြစ်ပါတယ်။ဒါကြောင့် ၂၀၂၄ နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။

ဆက်စပ်သတင်း တစ်ခုအဖြစ်ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နားမှာ မြေမြှုပ်မိုင်းနင်းမိလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လူငယ်နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိရပါတယ်။ ဒဏ်ရာရသူတွေဟာ နယ်စပ်မိုင်တိုင် အမှတ် ၄၇ နဲ့ ၄၈ ကြားက ကျေးရွာတွေမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ် ဒေသခံတွေပါ။
လူငယ်နှစ်ဦးဟာ မေလ ၄ ရက်နေ့တုန်းက ကျွဲနွား၊ ဒါမှမဟုတ် စိတ်ကြွဆေးပြားတွေ မှောင်ခို ရောင်းဝယ်ဖို့ နယ်စပ်နားကို တောလမ်းက ချဉ်းကပ်ချိန် မိုင်းနင်းမိခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက် ပေးထားပါတယ်။ ဒဏ်ရာရထားတဲ့ အခြေအနေတွေက စိတ်ပူစရာ ဖြစ်နေတာကြောင့် ကော့စ်ဘဇား ဆာဒါး ဆေးရုံဆီ နှစ်ဦးစလုံးကို လွှဲပြောင်းပေးထားလိုက်ရကြောင်းလည်း သိရပါတယ်။
ကိုးကား: Dhaka Tribune
