စောနွေဦး/People’s Spring
လေးလကျော်ကြာခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတဲ့ ကျင်ဒွေးမြို့တိုက်ပွဲမှာ အဓိကကြုံခဲ့ရတဲ့အခက်အခဲတစ်ခုမှာ စစ်ကောင်စီတပ်က ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုပါလက်နက်တွေပေး၍စစ်တိုက်ခိုင်းခဲ့ခြင်းဖြစ်တယ်လို့ ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဖွင့်ဟပါတယ် ။
“အဆိုးဆုံးကြုံရတာ ၁၁နှစ်၊ ၁၂ ရွယ်ကလေးတွေကို လက်နက်ကိုင်ပြီး ပျူစောထီးတွေက တိုက်ခိုင်းတာပါ။ သေနတ်တောင်ကောင်းကောင်းမကိုင်တတ်တဲ့ ကလေးတွေကို ပစ်ဖို့ဆို တော်တော်လေးမလွယ်ကူသလို၊ အခက်ကြုံခဲ့ရပါတယ်။ နောက်ပြီး မိန်းမတွေကိုကော သေနတ်ကိုင်တိုက်ခိုင်းတာတွေရှိတယ်”လို့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သူ၏အတွေ့အကြုံကို လူထုနွေဦးသို့ ပြောပြပါတယ်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကန်ပက်လက်မြို့နယ်ထဲမှာရှိတဲ့ ကျင်ဒွေးမြို့ဟာ ဧပြီ ၂၉ ရက်စပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်ကနေ ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ။

Public Service Announcement

တစ်ကယ်တော့ ကျင်ဒွေးမြို့ဟာ ရွာကြီး အဆင့်ရှိသာသာပဲရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ လူဦးရေတစ်ထောင်ကျော်နေထိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက်အရေးပါတဲ့ ကျင်ဒွေးကို ရွာအဖြစ်ကနေ မြို့အဖြစ် ၂၀၁၉ ဧပြီလဆန်းမှာ ရွေးကောက်ခံအရပ်သားအစိုးရက အဆင့်မြှင့်တင်ဖွင့်ပေးခဲ့တာဖြစ်ပါတယ် ။ဒါကြောင့် မြို့ဖြစ်လာတာ ၅ နှစ်ပဲ ရှိသေးတာပါ။
သာမာန်အချိန်ဆိုရင် ကျင်ဒွေးမြို့ဘယ်နားရှိကြောင်းကို ပြည်သူအများစု သိကြမယ် မထင်ပါဘူး။ ချင်းညီနောင်တပ်တွေ ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ အာရက္ခတပ်တော်-AA နဲ့ အခြားတော်လှန်ရေးတပ်တွေက စစ်ကောင်စီလက်ထဲက လေးလကျော်ကြာ ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ပြီးအောင်ပွဲရခဲ့တဲ့မြို့ဖြစ်တာကြောင့် အခုဆိုရင် လူသိများတဲ့ မြို့တစ်မြို့ဖြစ်လာပါပြီ။
ချင်းညီနောင်မှာဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)CNC-Mindat ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) CDF-ကန်ပက်လက်၊ CDF-မတူပီ တပ်မဟာ(၁) တို့ပါဝင်ပါတယ်။
ကျင်ဒွေးမြို့ကို CDF(ကန်ပက်လက်) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF ဂန့်ဂေါခရိုင်တပ်ရင်း နဲ့ မင်းဘူးခရိုင်တပ်ရင်းတွေက ဒီဇင်ဘာ ၂၃ ရက်မှ စတင်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ဖို့ ပြင်ဆင်ချိန်မှာဘဲ စစ်ကောင်စီတပ်က သတင်းကြိုရသွားလို့ တိုက်ခိုက်မဲ့ရက်ကို နောက်ဆုတ်ခဲ့ရပါသေးတယ်။ မြို့ ကစစ်တပ်စခန်းတွေတိုက်ခိုက်ခံရမယ့်ဆိုတာ ကြိုသိသွားတဲ့ စစ်ကောင်စီတပ်က အနီးအနားမှာရှိ တဲ့ PDFတပ်စခန်းတွေကိုလေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စတင်တိုက်ခိုက်ချိန်မှာပဲ မြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးတော့ အချိန်တိုအတွင်း ကျင်ဒွေးမြို့တဝက်ကျော်ကျော်ကို စီးနင်းနိုင်ပါတယ်။ မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှာ မြို့ခံပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ပေးခဲ့တာရှိပါတယ် ။ ဒါပေမယ့် စစ်ကောင်စီရဲ့ဝါဒဖြန့်မှုကိုယုံကြည်ပြီး တော့ စစ်တပ်ပေးတဲ့ လက်နက်တွေယူပြီး တော်လှန်ရေးတပ်တွေကိုပြန်တိုက်တဲ့ ပျူစောထီးတွေလည်းရှိခဲ့ပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေဟာ ကျင်ဒွေးမြို့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းမှာသာအဓိက ခံစစ်ပြင်ခဲ့ပါတယ်။ ကျန်မြို့ဧရိယာတော်တော်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ ပျူစောထီးတွေထဲမှာကလေးငယ်တွေ ၊အမျိုးသမီးတွေကပါ စစ်ကောင်စီနဲ့အတူတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေအတွက် မျှော်လင့်မထားတဲ့အခြေအနေမို့ အခက်အခဲကြုံခဲ့ကြရပါတယ်။တကယ်တော့ တော်လှန်ရေးတပ်တွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို သိပြီး တခြားနည်းလမ်းမရှိတော့လို့ လက်နက်စွဲကိုင်ခုခံတော်လှန်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်တော်လှန်ရေးတပ်တွေရဲ့ အဓိကပစ်မှတ်က စစ်အာဏာရှင်တွေအတွက် အလုပ်အကြွေးပြုနေတဲ့၊ပြည်သူကိုနှိပ်စက် အကြမ်းဖက်နေတဲ့ စစ်သားတွေကိုပဲဖြစ်ပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မတရားမှုကိုလုံးဝမကြိုက်လို့တော်လှန်နေကြတာဖြစ်ပါတယ် ။ ဒီအခြေအနေမှာ စစ်ကောင်စီရဲ့ ဝါဒမှိုင်းမိပြီး ပျူစောထီးဖြစ်နေတဲ့အထဲမှာကလေးငယ်တွေ ၊အမျိုးသမီးတချို့ပါ ပါနေတာကြောင့် ပစ်ခတ်ချေမှုန်းဖို့ တော်လှန်ရေးတပ်သားတွေအခက်ကြုံခဲ့ကြရတာဖြစ်ပါတယ် ။
ကျင်ဒွေးမြို့ဟာ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားဝတ်စုံဝတ်အုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ ချင်းပြည်နယ်၊လူမှုရေးဝန်ကြီး ဒေါက်တာ
ဘမောင်ရဲ့ ဇာတိဖြစ်ပါတယ်။ ဒါကြောင့်ကျင်ဒွေးမြို့ဟာ ဒေါက်တာဘမောင် အရှိန်အဝါနဲ့ လက်နက်ခဲယမ်း၊ရိက္ခာကို လိုသဘောက်အပြည့်အစုံရရှိထားပါတယ်။ ခံစစ်ကိုလည်း စစ်ကောင်စီရဲ့ အကောင်းဆုံးခံစစ်တစ်ခုအနေနဲ့ ပြင်ဆင်ထားပါတယ်။ကျင်းဒွေးခံစစ်ဟာ စစ်ကောင်စီတပ်ရဲ့ ခံစစ်အကောင်းဆုံး အဆင့် နံပတ် ၆တွင်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။ ဒီထဲမှာ စစ်ကောင်စီရဲ့ ဝါဒမှိုင်းမိထားတဲ့ ပျူစောထီးတော်တော်များများလဲရှိပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်က လေးလကျော်အတွင်းလေကြောင်းကို အများအပြား အသုံးပြုခဲ့ပါတယ်။ လေကြောင်းကနေ စစ်ကူအင်အား ၅၀၀ ကျော်ပို့ဆောင်ခုခံခဲ့ပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်မှာ တော်လှန်ရေးတပ်တွေက နှစ်သစ်ကူးနားရက်အဖြစ် တိုက်ပွဲ ခေတ္တရပ်နားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူတွေချပြီး မြို့ထဲကို တရကြမ်းထိုးစစ်ပြန်ဆင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ မင်းဘူးခရိုင်တပ်ရင်းတွေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်းအချို့ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ မတ်၇ရက်မှာတော့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေ၊ အာရက္ခတပ်တော် AA ကစစ်ကူတွေရယ်၊ PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များ ပူးပေါင်း အရှိန်မြှင့် တိုက်ခိုက်ခဲ့တာမှာ ချင်းညီနောင် စစ်ဆင်ရေးစတင်ပြီး ၅၄ရက်မြောက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကြေညာချိန်မှာ စတင်ပြီး စစ်ကောင်စီတပ်က ကျင်ဒွေးမြို့ကို နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် ကျင်ဒွေးမြို့ရဲ့နေရာအများစုဟာ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် အပျက်အစီးပုံဖြစ်နေခဲ့ပါတယ်။
“ကျင်ဒွေးကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကရှမ်းမြောက်က တိုက်ပွဲတွေလောက် မသာရင်တောင် အဲ့ထက်တော့ မနည်းဘူး။ နေ့စဉ်ရက်စက်ပဲကြဲတာ”လို့ တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ လေးလကျော်အတွင်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၈၀ကျော်ပြုလုပ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေ ၁ ရက်မှာထုတ်ပြန်ထားပါတယ်။
Y-12နဲ့ လက်နက်၊ရိက္ခာချပေးတာ ၁၁ ကြိမ်ရှိခဲ့ပါတယ် ။ Mi 17 ရဟတ်ယာဉ်ဖြင့် စစ်ကူချပေးတာ ၁၈ ကြိမ်ရှိခဲ့တယ်လို့လည်းသိရပါတယ်။
ဧပြီလကုန်ပိုင်းမှာတော့ ကျင်ဒွေးမြို့အပြင် မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ ဝမ္မသူးဆေးရုံကိုပါ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဆေးရုံမှာ ဒဏ်ရာရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆေးကုသနေတယ်ဆိုတဲ့ သံသယနဲ့ဗုံးကျဲခဲ့တာကြောင့် ဆေးကုနေတဲ့ အရပ်သား ၅ ဦးသေဆုံးခဲ့ရပါတယ်။ ဆယ်နဲ့ချီတဲ့ပြည်သူတွေ ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီက ကျင်ဒွေးမြို့မှာ လက်ရွေးစဉ် တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတွေကို ထားခဲ့တယ်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ AAက အရာရှိတချို့ကတောင် ကျင်ဒွေးကို တိုက်ခိုက်ရတာက စစ်ဌာနချုပ်တစ်ခုတိုက်ရထက် ပိုခက်ခဲတယ်လို့ မှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ် ။
“ကျင်ဒွေးမှာ CDF ကန်ပက်လက်ကရဲဘော်တွေ အသက်ပေးခဲ့ရတာအများကြီးပဲ။ AAနဲ့ မဟာမိတ်လုပ်ပြီးတိုက်ခဲ့ရတယ်။ AAဘက်ကလည်း အထိအခိုက်တွေရှိခဲ့တယ်။ ပြောချင်တာက ကျင်ဒွေးက လွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူး”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ လောက်ကိုလည်း အရှင်ဖမ်းမီပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်။
အခုဆိုရင် ကျင်ဒွေးမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဧပျုစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သက်ဆိုင်ရာနယ်မြေအလိုက် လိုက်လံရှင်းလင်းနေပါတယ်။
“အခုသူတို့က ချောင်ပိတ်မိသွားပြီ သူတို့ထွက်ပြေးတဲ့နေရာက ထွက်ပေါက်မရှိတဲ့ နေရာပဲ”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ် ။
ကျင်ဒွေးမြို့ဟာ ပလက်ဝအပါအဝင် ချင်းပြည်နယ်က ကန်ပက်လက်၊ မင်းတပ်စတဲ့ မြို့တွေကို မကွေးတိုင်းက ဆောမြို့၊လောင်းရှည်မြို့တို့ ဆက်တဲ့ လမ်းကြောင်းမှာ တည်ရှိနေတာပါ။
အခု ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ မကွေးနဲ့ ရခိုင်ပြည်နယ်ကို ချင်းပြည်နယ်က တဆင့် စစ်ကောင်စီတပ်စခန်းတွေမရှိဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီဖြစ်ပါတယ်။ အဲဒီဒေသတွေဟာစစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားပါပြီ။
ဒီဒေသကိုတော်လှန်ရေးတပ်တွေ တိုက်ခိုက်ပေးပြီးလွတ်လပ်အောင်လုပ်ပေးဖို့ ဒေသခံပြည်သူတွေက တိုက် တွန်းခဲ့သလို တိုက်ပွဲအတွင်းမှာလည်း နိုင်ရာတာဝန်ကိုဝိုင်းထမ်းပေးခဲ့ကြပါတယ် ။
“ကျင်ဒွေးက ဘာလို့အချိန်အကြာကြီး အရင်းအနှီးများစွာပေးဆပ်ရလဲဆိုရင် စစ်ကောင်စီရဲ့ သွေးထိုးထားတဲ့ ဝါဒဖြန့်ချီမှုကို ယုံကြည်တဲ့သူတွေကြောင့်ပဲ။ ဒီလူတွေက အမှားကို အမှန်ထင်နေတော့ အခုလိုအရင်းအနှီးကြီးခဲ့ရတာပါ။ နောက်ဆုံးတော့လည်း ပြည်သူ့သာ အဓိကပါ။ ပြည်သူက အနိုင်တိုက်စေချင်တဲ့နေရာကို ကာကွယ်ရေးတပ်တွေက အနိုင်တိုက်ပေးလိုက်ပါပြီ” လို့မြို့သိမ်း တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ။
(ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ ဝင်အချို့ကိုတွေ့ရစဥ်။ ဓါတ်ပုံ-The Mindat Post ၊ CRD- ကိုပြည် ၊ YDF)
