မြို့၌ တိတ်ဆိတ်နေပြီး လာရောက်လည်ပတ်ကြသူများလည်း ပြန်လည်ထွက်ခွာ၊ ပစ်ခတ်မှုများအတွင်း စစ်အုပ်စုထိခိုက်သေဆုံးမှုမသိရသေးဘဲ အရပ်သားထိခိုက်သေဆုံးမှုအချို့ရှိ
ဒီးဒီ/People’s Spring
သင်္ကြန်ကာလအတွင်း ပြင်ဦးလွင်မြို့၌အနားယူနေသော အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့သည် တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ညကပြန်လည်ထွက်ခွာသွားကြောင်း မြို့ခံများက ပြောသည်။
ယမန်နေ့(ဧပြီ ၁၄ရက်) ညတွင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့ ရောက်ရှိနေသော ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်(DSA)၊ အုပ်ချုပ်မှုသင်တန်းကျောင်းနှင့် အိမ်တော်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခဲ့သည်။ ရှော့တိုက်ဒုံး အလုံးရေ ၂၀ကျော် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့မှ ရဟတ်ယာဥ်ဖြင့် ယမန်နေ့ညက ညတွင်းချင်းပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများက သုံးသပ်သည်။
“ဒီမနက်မှာမြို့လုံခြုံရေးတွေ ဘာမှမရှိတော့ဘူး။ အရင်နေ့က လမ်းတွေမှာ စစ်သားတွေ ရှိတယ်။ အစစ်အဆေးတွေ ရှိတယ်။ ဒီမနက်မှ ဘာမှမရှိတော့ဘူး။ မနေ့ညကလည်း ရဟတ်ယာဥ်သံကြားတယ်ဆိုတော့ သူတို့ပြန်သွားလောက်ပြီ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
ယနေ့နံနက်တွင် ပြင်ဦးလွင်မြို့၌ တိတ်ဆိတ်နေပြီး သင်္ကြန်ကာလအတွင်းမြို့သို့လာရောက် လည်ပတ်သော ခရီးသွားများမှာလည်း ယနေ့နံနက်တွင် မြို့မှ ပြန်လည်ထွက်ခွာနေကြသည်ဟု မြို့ခံများက ပြောသည်။
” ဟိုတယ်တွေမှာလည်း ဧည့်သည်တွေ ပြန်ကြဖို့ အထုပ်တွေနဲ့ ပြင်နေတာတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ညက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့ ရှိသည်ဟုယူဆရသော ရပ်ကွက်ကြီး (၁၉)ရှိ အုပ်ချုပ်မှုကျောင်း၊ DSAနှင့် အိမ်တော်တို့အား ပစ်ခတ်တိုက်ခိုက်ခံရမှုအနက် အိမ်တော်အား ပစ်ခတ်မှုတွင် ပြင်ဦးလွင်ဆေးရုံကြီး အရိုးခွဲစိတ်ဆောင်ပေါ် လက်နက်ကြီးကျ၍ ဆေးရုံတက်ရောက်နေသူ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရပ်ကွက်ကြီး(၅)ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲ၍ သင်္ကြန်တွင်း သင်္ဃန်းဝတ်သူတစ်ဦးနှင့် ယင်းကျောင်းရှိကပ္ပီယတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“၉ နာရီ ၅၀ လောက်မှာ DSA ဘက်ကနေ ပြန်ပစ်တယ်။ အဲ့အချိန်မှာ ပစ်ခတ်သံတွေက နှစ်ဘက်စလုံးကနေ ထွက်နေတာပါ။ ထိခိုက်မှုတွေက ဘယ်ဖက်က ပစ်တာလဲဆိုတာ ပြောရခက်ပါတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။
အရပ်သားထိခိုက်မှုသတင်းများနှင့် ဓါတ်ပုံများကို စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာများ၌ အရင်ဆုံးထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့ ထိခိုက်မှုရှိ၊မရှိကို မသိရသေးပေ။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်များနှင့်စစ်ကောင်စီမီဒီယာများမှ ပြင်ဦးလွင်တွင် အာဏာသိမ်းခေါင်းဆောင်တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုထိခိုက်သေဆုံးမှုအခြေအနေကိုမူ လုံးဝရေးသားပြောဆိုခြင်းမရှိကြပေ။
“ထိခိုက်မှုရှိလို့၊ မဟုတ်ရင် အရမ်းကြောက်လန့် ပြီးတော့ ပြန်ပြေးတာပေါ့”ဟု မြို့ခံတစ်ဦးက ပြောသည်။
ဧပြီ ၈ ရက် နံနက်အစောပိုင်းကလည်း ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ DSA ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။
