မောင်မောင်/People’s Spring
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူလူထုနေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရာ သုံးနှစ်ကျော်အတွင်း နေအိမ် ၈၃,၀၀၀ ကျော်ရှိကြောင်း Data for Myanmar က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
ယခု ၂၀၂၄ မတ်လကုန်အထိ စုစည်းထားသည့် အချက်အလက်များကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ လက်ချက်ကြောင့် ပြည်သူ့ နေအိမ်ပေါင်း ၈၃,၇၄၆လုံး ဆုံးရှုံးခဲ့ဟု အသိပေးသည်။
ထို့ပြင် မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှု လုပ်ရပ်များ ပြန်လည်ပြီး ပိုမိုပြုလုပ်လာသည်ဟု ဖော်ပြသည်။

Public Service Announcement

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။
ယင်းအနက် စစ်ကိုင်းတိုင်းမှ ၁,၈၅၁ လုံး၊ မန္တလေးတိုင်းမှ ၆၂၈လုံးဖြင့် အများဆုံးပါဝင်ကြောင်း ထုတ်ပြန်သည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှုအရေအတွက် အချက်အလက်များကို Data for Myanmar က ဖော်ပြပေးလျက်ရှိရာ အချက်အလက်များ စိစစ်ရာ၌ မပြည့်စုံသည်များကို ချန်ထားခဲ့၍ မြေပြင်နှင့်နီးစပ်သည့် အဖွဲ့များ၏ အချက်အလက်များ အရေအတွက်ပိုများနေနိုင်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့အား ခုခံတော်လှန်မှု အားကောင်းသည့် ဒေသများကို အဓိက ပစ်မှတ်ထား မီးရှို့မှုများ ပြုလုပ်ခဲ့ရာ ၂၀၂၂နှင့် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စစ်ကိုင်း၊ မကွေးတိုင်းရှိ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

စစ်ရေးအရ ခုခံတော်လှန်မှု အားကောင်းသည့် ကရင်၊ ချင်းနှင့် ကရင်နီပြည်နယ်တို့တွင်လည်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်ကာ ရပ်ရွာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ရက္ခိုင်၊ ရှမ်းမြောက်၊ ကချင်ရှိဒေသခံ ပြည်သူများ၏ နေအိမ်များကို လေကြောင်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးခြင်းအပြင်နေအိမ်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့များက ထုတ်ပြန်သည်။
ခုခံတော်လှန်မှု စတင်အားကောင်းလာသည့် မွန်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ မတ်လကုန်ပိုင်းက ကျိုက်မရောမြို့နယ် ဓမ္မသတ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။
