မန္တလေးတိုင်းရှိ စစ်တက္ကသိုလ်များဖွင့်လှစ်ထားသဖြင့် စစ်တပ်မြို့တော်ဟု လူသိများသော ပြင်ဦးလွင်မြို့တွင် ကန်တော်ကြီးပတ်လမ်း၌ ပြည်သူ့ကာကွယ်ရေးတက်မတော် (PDF) အလံတော် လာရောက်စိုက်ထူသွားကြောင်းဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်နေ့ နံနက်၅ နာရီခွဲခန့်က ပြင်ဦးလွင်ကန်ပတ်လမ်း၌ အနီရောင်အောက်ခံပေါ်တွင်အဖြူရောင်ကြယ်ပါသော PDFအလံ လာရောက်စိုက်ထူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။
“ကန်တော်ကြီးနားလာစိုက်သွားတယ်။ အဲလမ်းက လူနည်းနည်းရှင်းတယ်။”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
ထိုအလံတော်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပြင်ဦးလွင်မြို့နယ် မှ လာရောက်စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။ PDF အလံတော်လွှင့်ထူသွားခြင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်ပကဖအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement
စစ်တပ်မြို့တော် ပြင်ဦးလွင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လုံခြုံရေးအထူးတင်းကြပ်ထားသော မြို့နယ်တစ်ခုဖြစ်သည်။
အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA တို့က နောင်ချိုမြို့နယ်ရှိ သံဘိုရွာရှိစစ်တပ်စခန်းများကို သိမ်းပိုက်ပြီး ၊ ပြင်ဦးလွင် မြို့နယ် ရှိ ကျောက်မဲလေးရွာရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ပြီးနောက် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး များစွာချထားသည်။ မြို့ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမဟုတ်ဘဲ အခြားဒေသမှ စစ်ကောင်စီတပ်သားများ ခေါ်ယူ၍ လုံခြုံရေးမြှင့်ထားခြင်းဖြစ်ကြောင်း ဒေသခံ အချို့ကပြောသည်။
