ပအိုဝ်းဒေသတိုက်ပွဲအတွင်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၀ကျော်သေဆုံး
ထားမြတ်/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ဆီဆိုင်ဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲ ရပ်တန့်နေခြင်းမျိုးမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။
“မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အရာရှိ ၁၀ဦးကျော် ဒဏ်ရာရသွားတယ်။ အောင်ပန်း ကုတင် ၇၀၀ကို ခြောက်ယောက်သယ်သွားတာ နှစ်ယောက်သေသွားတယ်လို့တော့ သတင်းရတယ်။ ပြီးတော့ တောင်ကြီးမှာ ရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရုံမှာလည်း အရာရှိ လူနာ အပြင်းအထန် ဒဏ်ရာရသူ ၅ဦးကို သယ်သွားတယ်လို့ သိရပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement
ထို့ပြင် ဆီဆိုင်မြို့တွင်း၌ စစ်ကောင်စီက နေအိမ်မီးရှို့ဖျက်ဆီးမှု ဆက်လုပ်၍ ပြည်သူလူထုနေအိမ်မီးလောင်မှု ရှိခဲ့သည်ဟု ဆိုသည်။
PNLAသည် ဇန်နဝါရီလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ပအိုဝ်းဒေသအား စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။
ဆီဆိုင်မြို့ ပြန်ရရေး စစ်ကောင်စီ၏ ကြိုးပမ်းမှုအတွင်း တိုက်ပွဲများ မကြာခဏဆက်ရှိနေသည်။
ပအိုဝ်းဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲ အခြေအနေများကို ပအိုဝ်းလူငယ်အဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့ရာ တိုက်ပွဲစတင်သည့် ဇန်နဝါရီ ၂၁ရက်မှ ဧပြီ၁၃ရက်အထိ ရက်ပေါင်း ၈၄ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၆၀ကျော်၊ လက်နက်ကြီးပစ်ခတ်မှု ၂,၈၀၀ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၆၁ဦး သေဆုံးပြီး ၇၈ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။
စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။
အရပ်သားသေဆုံးမှုများ၌ လက်နက်ကြီးထိမှန်သေဆုံးခြင်း၊ လေကြောင်း တိုက်ခိုက်ခံရခြင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီး သေဆုံးခြင်း၊ စစ်ရှောင်နေစဉ် ပစ်ခတ်ခံရခြင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ သတ်ဖြတ်ခံရခြင်း၊ ကြောက်လန့်ထွက်ပြေးစဉ် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းများ ပါဝင်သည်ဟု အသိပေးသည်။
သေဆုံးသူများထဲ၌ (၆)လသား အရွယ်အပါအဝင် ကလေးငယ် ရှစ်ဦးသေဆုံးကာ ကလေးငယ်အများစုသည် စစ်ကောင်စီက ကျေးရွာများသို့ ရုတ်တရက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အသိပေးသည်။
