▪︎မတ် ၁၁တိုက်ပွဲ စစ်ကောင်စီတပ်မှ အလောင်း ၂လောင်းနှင့် ခဲယမ်းများရဟု ထုတ်ပြန်
ရှမ်းပြည်နယ်တောင်ပိုင်းပြည်သူ့စစ်(SSS) နယ်မြေကိုအသုံးပြုပြီး ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်များ၏ အရေးပါသည့် စစ်တပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရေးနှင့် လုံခြုံရေး ယူပေးရသည့် စစ်ကောင်စီတပ်ရင်းများနှင့် နှစ်လခွဲအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့-KMICကထုတ်ပြန်သည်။
မတ်လ ၁၁ ရက်နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှမ်း-ကရင်နီနယ်စပ်အနီး ခေတ္တစခန်းအခြေပြုနေသော ကရင်နီတပ်မတော်အား ရှမ်းပြည်ဖက်မှ ဆင်းလာသော ရိက္ခာနှင့် လမ်းလုံခြုံရေးတာဝန်ယူထားသည့် ခမရ(၃၃၄)နှင့် ခမရ-(၅၁၉)တပ်ရင်းမှ ယမန်နေ့ နေ့ခင်းပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မေလယုစခန်းထိုင် ခမရ(၃၃၇)တပ်ရင်းကလည်းလက်နက်ကြီး(၁၅) လုံးခန့်ပစ်ကူခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲမှာ ညနေ(၆)နာရီအထိကြာမြှင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကရင်နီတပ်မတော် နည်းဗျူဟာ(၁)မှူးက သတင်းပေးပို့သည်ဟု ထုတ်ပြန်သည်။
ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နောက်သို့ လိုက်လံရှင်းလင်းရာ ခမရ(၃၃၄)နှင့် ခမရ(၅၁၉)တပ်ရင်း၏ အလောင်း(၂)လောင်းနှင့် ခဲယမ်းမျိုးစုံကို သိမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူဖော်ပြသည်။စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု အရေအတွက်မသိရှိရသော်လည်း အလောင်းများ သို့မဟုတ် ဒဏ်ရာရရှိသူများကို ဆွဲယူသွားသည့် ခြေရာလက်ရာများကို တွေ့ရှိခဲ့ရကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည်ကရင်နီပြည်နယ်အတွင်းမြန်မာ-ထိုင်းနယ်စပ်ရှိ ရှေ့တန်းစခန်းများအား ယခုပွင့်လင်းကာလ၌ လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ကရင်နီတပ်များကလည်း ဆက်တိုက်ကြားဖြတ်တိုက်ခိုက်နေသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ကရင်နီပြည်နယ်သို့ စစ်မျက်နှာလေးခုဖွင့်ပြီး ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီတပ်များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ စသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။
