မန္တလေးတိုင်း မိုးကုတ်မြို့ ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အထိုင်ချထားသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့( ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက စတင်တင်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပစ်ခတ်သံတွေက မိနစ် ၂၀လောက်ကြာတယ်။ တော်တော်လည်းကြမ်းတယ်။ တိုက်ပွဲပြီးလို့ သွားမကြည့်ရဲတာကြောင့် ဘာတွေဆက်ဖြစ်လဲမသိပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်တွင် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။
ဖေဖော်ဝါရီ ၂၀ရက် နံနက်ကလည်း မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း (၂၂၃၊၂၇၆)နှင့် (၃၄၈) တပ်ရင်းများကို မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂)နှင့်မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့(တပ်ရင်းအမှတ် ၁၂၂၁၊၁၂၂၂၊၁၂၂၃) တို့က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။
