ကလေးမြို့နယ်တွင်း တရာဥပဒေစိုးမိုးရေးအတွက်ဒေသခံပြည်သူများ၏ယုံကြည်အားကိုးမှုကိုရရှိထားပြီးမြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျေးရွာအားလုံးနီးပါးတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကပြောသည်။
“တရားဥပဒေစိုးမိုးရေးအတွက် လူထုက ကျွန်တော်တို့ကို ယုံကြည်အားကိုးကြတယ်။ အခုဆိုရင် တိုင်ထားတာ အမှု ၁၀၀လောက်ရှိပါပြီ။ ၇၀ လောက်ကတရားရုံးရောက်သွားပြီ။ထောင်မှာတောင်အကျဉ်းသားတော်တော်များများနေပြီ” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။
ကလေးမြို့နယ်အတွင်ကျေးရွာပေါင်း၁၅၈ရွာရှိသည့်အနက်ကျေးရွာပေါင်း ၁၄၀ ခန့်အားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်အုပ်ချုပ်ရေးဖွဲ့ (ပအဖ)တို့ကထိန်းချုပ်ထားသည်ဟုကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကဆိုသည်။ထို့အပြင် မြို့ပေါ်ရပ်ကွက် ၂၀ အနက် ငါးရပ်ကွက်တွင် စိမ့်ဝင်စိုးမိုးထားသည်ဟုလည်းဆိုသည်။

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကမြို့နယ်အတွင်းတရားဥပဒေစိုးမိုးရေးအတွက်ကိုင်တွယ်ထားသည့်အမှုများအနက်သုံးပုံနှစ်ပုံခန့်သည် မူးယစ်ဆေးဝါးအမှုဖြစ်နေပြီး ခိုးမှုများလည်း ပါဝင်သည်ဟုအထက်ပါပုဂ္ဂိုလ်ကပြောသည်။

စစ်ကောင်စီကိုအာဏာဖီဆန်ပြီး CDM လုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား စုစည်းပြီး ပြည်သူ့ရဲတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် ဇွန်လ ၇ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးအားကောင်းသည့်ဒေသများ၌ စတင်ဖွဲ့စည်းခဲ့ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊လူအခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းရန် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။
