မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မတူပီ ချင်းကာကွယ်ရေးတပ်(CDF) ထိန်းချုပ်နယ်မြေ အတွင်းရှိ စက်ယန္တရားများကို အများပြည်သူမှ တင်မြှောက်သည့် အစိုးရတစ်ရပ် မပေါ်ပေါက်မီ ကြားလာအတွင်း လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီယန္တရား လည်ပတ်နိုင်စေရန် အထောက်အကူပြုစေသည့် တင်ဒါလုပ်ငန်းများကို တင်ဒါများ မပြုလုပ်ရန် သဘောထားထုတ်ပြန်ထား၍ အများပြည်သူ ဆက်သွယ်ရေး၊ လမ်း၊ တံတားများ ပျက်စီးမှု ရှိခဲ့သည်ဟု ဖော်ပြသည်။

ပျက်စီးသွားသည့် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေးလမ်း၊ တံတားများ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် မတူပီ CDFနှင့် ပအဖ တို့က လမ်းတံတားပြုပြင်မှုများ ဆောင်ရွက်ရာ၌ လူအင်အား တစ်ခုတည်းဖြင့် လုပ်ငန်းနှောင့်နှေးမှုများ ရင်ဆိုင်နေရကြောင်း ထုတ်ပြန်သည်။
ထိုသို့ရင်ဆိုင်နေရသည့် အခက်အခဲများကိုအချိန်မီ ဖြေရှင်းနိုင်ရန် အတွက် စက်ယန္တရားများကို လိုအပ်သလို အသုံးပြုမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ကြေညာချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် မတူပီ CDF တာဝန်ရှိသူ အချို့ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။
