▪︎မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်တပ်က ပြည်သူ ၂ ဦးကိုသတ်ပြီး ၃ ဦးကိုဖမ်းဆီး
ကသာနှင့်ထီးချိုင့်မြို့ကြားတွင် စစ်ကာင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၅ ဦးခန့်သေပြီးနောက် စစ်တပ်ကအရပ်သား နှစ်ဦးကို သတ်ဖြတ်သွားပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။
အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကသာနှင့်ထီးချိုင့်မြို့ကြားကလုံရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF )များက ဖေဖော်ဝါရီ ၁၉ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
“အဲ့ဒီတိုက်ပွဲမှာသူတို့ ၁၅ယောက်လောက်သေတယ်။ဒဏ်ရာရတဲ့သူတွေကို မြစ်ကြောင်းကနေ စက်လှေနဲ့ပို့ချိန် လမ်းကနေဖြတ်တိုက်ခဲ့ကြသေးတယ်” ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီတပ်သည်ထိုနေ့မှစ၍ ကလုံရွာတွင် တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။
“သာဂရတံတားအောက်မှာအရပ်သားနှစ်ယောက်သေနေတာတွေ့တယ်။ စောင်တွေနဲ့လုံးထွေးပြီးမှသတ်ထားတာ” ဟု ထီးချိုင့်မြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယနေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။
ထိုအပြင်စစ်ကောင်စီတပ်သည် ကလုံရွာမှ ပြည်သူသုံးဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်းဒေသခံများကပြောသည်။
ယခုအခါ စစ်ကောင်စီတပ်သည်ကသာမြို့နယ်အတွင်းကျွန်းပင်ရွာ၊တမန်းဒေါင့်ရွာနှင့် ဖွက်ရွာတို့တွင် စစ်ကြောင်းသုံးကြောင်းခွဲ တပ်စွဲထားသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
