▪︎ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၁ဦး အလောင်းကိုလက်နက် ၂လက်နှင့်အတူတွေ့ရှိ
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ရဲစခန်းကို ချင်းကာကွယ်ရေးတပ်(CDF)နှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ထို့ပြင် CDFနှင့် CNA တပ်ဖွဲ့ဝင်များ ရှိမည်ဟု ယူဆသည့်နေရာများကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။
ထို့အပြင်ထန်တလန်မြို့နယ်အတွင်းရှိကျေးရွာတစ်ရွာအနီး၌ စစ်သားအလောင်းတစ်လောင်းကို လက်နက် ၂ လက်နှင့်အတူ တွေ့ရကြောင်း ၎င်းကဆက်ပြောသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည်ဟုယူဆရသည့် စစ်သားသည် ၎င်းတို့ ထောင်ထားသည့် မိုင်းနင်းမိ ဒဏ်ရာရပြီး ဆက်လက်ထွက်ပြေးစဉ်သေဆုံးသွားသည်ဟု ယူဆရကြောင်း ဆလိုင်းထက်နီက ပြောသည်။
“အလောင်း ၁လောင်းနဲ့ လက်နက် ၂လက် တွေ့ရှိရတာပေါ့။ ရတာက မနေ့ကပဲ ရတာ။ အလောင်းကတော့ နှစ်ရက် သုံးရက်လောက်တော့ကြာပြီ” ဟု ဆလိုင်းထက်နီက ပြောသည်။
CNA/CDF ချင်းပူးပေါင်းတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၈ရက်ညပိုင်းက ထန်တလန်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ ရဲစခန်းအတွင်းမှစစ်သားအလောင်း ၄လောင်း၊ ဒရုန်းပစ်လက်နက်များအပါအဝင်လက်နက် ၄၂ လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ယင်းမတိုင်မီကလည်း ထန်လန်မြို့ရှိ ဘဏ်အဆောက်အဦ တစ်ခု၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ရဲ ၆ဦးကို ချင်းပူးပေါင်းတပ်က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီကမူ ရဲစခန်းသိမ်းပိုက်ခံရမှုမှာ CDF ကသာလွန်အင်အားဖြင့်တိုက်ခိုက်လာ၍ စစ်တပ်ရှိရာသို့ စနစ်တကျဆုတ်ပြေးခြင်းဖြစ်ပြီး ပြုပြင်ရန်လိုသည့်လက်နက်အချို့ သာသိမ်းဆည်းခံရသည်ဟု စစ်ကောင်စီမီဒီယာများမှ ဝါဒဖြန့်ထားသည်။
ယင်းမတိုင်မီကလည်း ထန်လန်မြို့ရှိ ဘဏ်အဆောက်အဦးတစ်ခု၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ရဲ ခြောက်ဦးကို ချင်းပူးပေါင်းတပ်က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
