မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများအားမိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့်တိုက်ခိုက်ခဲ့သောအဖွဲ့ကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂၂၃၊၂၇၆နှင့် ၃၄၈ တပ်ရင်းများကို ဖေဖော်ဝါရီ၂၀ရက် နံနက်ပိုင်းတွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (Thabeikkyin PDF ) မိုးကုတ်ဗျူဟာတပ်ရင်းအမှတ် ၁၂၂၂ က သတင်းထုတ်ပြန် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDFတပ်ရင်းများဖြစ်သောမိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂နှင့်မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့(တပ်ရင်းအမှတ် ၁၂၂၁၊၁၂၂၂၊၁၂၂၃) တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
” စစ်ကောင်စီ၏ မိုးမိတ်တပ်ရင်းများသို့ နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် ၆၀မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ရင်း ၂၂၃ နှင့် ၂၇၆ ကြားတွင်တစ်ကြိမ်၊ ဂိတ်စခန်းအနီးတွင်တစ်ကြိမ်၊ ဗျူဟာရုံးအနီးတွင်တစ်ကြိမ် ပစ်ခတ်ထိမှန်ခဲ့သည်။ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုအခြေအနေကိုလက်ရှိအချိန်တွင်မသိရသေးပါ”ဟုတပ်ရင်းအမှတ် ၁၂၂၂ က ဖေဖော်ဝါရီ ၂၁ရက်တွင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်ရခြင်း၏အဓိကရည်ရွယ်ချက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်၌သာမကနောက်တန်းတပ်စခန်းများမှ မိသားစုဝင်များလည်း အသက်အာမခံချက်မရှိကြောင်းနှင့်လုံခြုံမှုမရှိကြောင်း သိရှိစေရန်ဖြစ်ကြောင်းအသိပေးထားသည်။ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများကိုမူ အတည်ပြုနေဆဲဖြစ်ပြီးသိရပါက သတင်း ထပ်မံထုတ်ပြန်မည်ဟု ဖော်ပြထားသည်။
“ပစ်တာကတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပစ်တာ”ဟု မိုးမိတ်မြို့ခံတစ်ဦးကလည်း အဆိုပါတိုက်ခိုက်မှုကိုအတည်ပြုပေးသည်။စစ်ကောင်စီဘက်မှာဒေသခံပြည်သူများကို တပ်ရင်းရှိရာနေရာ အနီးဝန်းကျင်သို့ဖြတ်သန်း
ခွင့်မပြု၍ သေဆုံးထိခိုက်မှုအခြေအနေကို သိရှိရရန်မလွယ်ကူကြောင်းလည်း အဆိုပါဒေသခံကပြောသည်။
