▪︎ဒရုန်းပစ်လက်နက်အပါအဝင်လက်နက်မျိုးစုံ ၄၀ကျော်ရ
▪︎ရဲစခန်းကိုတိုက်ခိုက်စဥ် ထန်တလန်မြို့ပေါ်ရှိစစ်ကောင်စီတပ်က စစ်ကူမပေး
ထန်တလန်မြို့ရဲစခန်းကို CNA (ချင်းအမျိုးသားတပ်)နှင့်CDF(ချင်းကာကွယ်ရေးတပ်)ထန်တလန်တို့ကယမန့်နေည ၁၀ နာရီမှစတင်၍ သုံးနာရီကြာတိုက်ခိုက်ပြီးရဲစခန်းတခုလုံးကို သိမ်ဆည်းနိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။
ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ည ၁၀တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ရက် မနက် ၁နာရီခန့်တွင် စခန်းတခုလုံးကို သိမ်းဆည်းမိကာဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ကျော် ရရှိခဲ့ကြောင်း CNAသတင်းအရင်းအမြစ်များကပြောသည်။

ထိုသို့ တိုက်ခိုက်နေစဉ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က စစ်ကူမပေးခဲ့သလို လေကြောင်းပစ်ကူလည်း မလာခဲ့ကြောင်း အဆိုပါအရင်းအမြစ်များကပြောသည်။ရဲစခန်းသိမ်းပိုက်ပြီးချိန်မှသာ စစ်ကောင်စီတပ်က လေကြောင်းမှတောက်လျှောက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု၎င်းတို့ကပြောသည်။


ထိုရဲစခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီရဲတပ်များသေဆုံးမှုအများအပြားရှိခဲ့ကြောင်းသိရသည်။သို့သော်အရေအတွက်ကိုမူမသိရသေးပေ။ CNA၊ CDFဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း CNAသတင်းအရင်းအမြစ်များကပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီကဖေဖော်ဝါရီလတွင် စစ်အုပ်ချုပ်ရေးထပ်တိုးထုတ်ပြန်ခဲ့သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။
(ထန်တလန်ရဲစခန်းနှင့်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ၊ တိုက်ခိုက်ခဲ့သောတပ်ဖွဲ့ဝင်များနှင့် ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-CJ)
