အမျိုးသမီး တစ်ဦးလည်းထိမှန်၍ အသက်အန္တရာယ်စိုးရိမ်နေရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ကျေးရွာနှစ်ရွာပေါ်သို့ ကျရောက်ပေါက် ကွဲပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ သုံးဦးကျည်စထိမှန်ကာ တစ်ဦးအသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဒီပဲယင်းကွဲကျေးရွာနှင့် မြင်းမူမြို့နယ် ဂုံညင်းဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဂုံညင်းဆိပ်ရွာတောင်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့မှုတွင် ပြည်သူ သုံးဦး ထိခိုက်ခဲ့ကြောင်း၊ အဆိုပါ သုံးဦးအနက် အသက်(၇) နှစ် အရွယ် မိန်းကလေးမှာ ဘယ်ဘယ်မျက်လုံး လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ဦးခေါင်းကိုပါ ထိခိုက်ခဲ့ကြောင်း၊ ထို့အပြင် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
“ကလေးက မျက်လုံးတောင် ကျွတ်တယ်ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ၁၀ ရက် နံနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဆားတောင်ကြား ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ကြွယ်ပုံရွာ ပျူစောထီးကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၎င်းတို့ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး ခြေထောက်ကျည်ထိမှန်ခဲ့ပြီး နွား ၄ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကြွယ်ပုံရွာပျူစောထီးများသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးဖမ်းဆီးသတ်ဖြတ်မှုများလည်း ပြုလုပ်နေပြီး ဇန်နဝါရီ ၆ ရက်ကလည်း ဒီပဲယင်းကွဲရွာသို့ဝင်ရောက်ကာ ဆရာတော်သံဃာတော်တစ်ပါးအပါအဝင် လေးဦးကိုသတ်ဖြတ်သွားခဲ့သည်။
