ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပေ(၃၀၀)ခန့်မြင့်သော မြေစာပုံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။
ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။
“အရေအတွက် နည်းလား၊များလား မသိရဘူး။ ပြောနေတာတော့ အမျိုးမျိုးပဲ။ အခုမနက်အထိတော့ ရုပ်အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရသူ သုံးဦးတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြေစာပုံသည် ပေ(၃၀၀)ခန့်မြင့်ပြီး ပြိုကျချိန် ည ၁၀ နာရီခန့်သည် ရေမဆေးကျောက်ရှာဖွေသူအများအပြားရှိနေချိန်ဟု သိရသည်။
“၁၀ယောက်ထက်တော့ မလျော့ဘူးဗျ။ ဆက်ရှာနေကြတယ်”ဟု ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ဒဏ်ရာရသူသုံးဦးသည် ဖားကန့်ဆေးရုံ၌ ကုသ နေရဆဲဖြစ်သည်။
ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ (၁၀၀)ခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူ လေးဦးသေဆုံးခဲ့သည်။
ဖားကန့်တွင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအပါအဝင်အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ကျောက်တူးနေသူ နှစ်သိန်းမှ သုံးသိန်းကြားရှိနေသည်။
အဆိုပါ ကျောက်တူးသမားများကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
