ချင်းပူးပေါင်းတပ်မှ သုံးဦးကျဆုံး
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ဒေသတွင်း ချင်းကာကွယ်ရေးတပ်(CDF)တပ်များ၏ တိုက်ခိုက်မှုကြောင့် ယခု ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်မှ ၄၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CNFက သတင်းထုတ်ပြန် သည်။
ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။
CAN တပ်မဟာ(၁)နယ်မြေ မတူပီနှင့် ရေဇွာမြို့ အကြား ဇိုတုန်ဒေသတွင် ဖေဖော်ဝါရီ ၄ရက်က အင်အား ၁၃၀ကျော်ရှိ စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့အကြား ၆ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဒေသတွင် ဇန်နဝါရီ ၂၀ရက် နောက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားပြီး CNF/CDF ရဲဘော်အချို့ ကျဆုံးခဲ့သည်ဟု ဆိုသည်။
CANတပ်မဟာ(၃)နယ်မြေဖြစ်သည့် ထန်တလန်မြို့တွင်လည်း ဖေဖော်ဝါရီ ၁ရက်က စစ်ကောင်စီတပ်သားနှင့် ရဲ ၆ဦးကို ချင်းပူးပေါင်းတပ်က လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။ ထို့ပြင် ဖေဖော်ဝါရီ ၈ရက်တွင် ထန်တလန် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါ ထန်တလန်ရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး လက်နက် ၄၂လက်ရရှိခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
ဖေဖော်ဝါရီ ၄ရက်ကလည်း CAN တပ်မဟာ (၄)နယ်မြေ Laitui ကျေးရွာအနီးရှိ ရိက္ခာသယ်ယူနေသော CNA နှင့် CDF ဟွာငိုရမ် ရဲဘော်များကို စစ်ကောင်စီ၏ လက်ပါးစေ ZRA က ချုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ZRA ဘက်က တစ်ဦးကျဆုံးကာ နှစ်ဦး ဒဏ်ရာရသည်ဟု ဖော်ပြသည်။
ယခုလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁ရက်မှ ၁၂ရက်အထိ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ၁၀ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ဟားခါးဗျူဟာကုန်းမှလည်း ထန်တလန်ဘက်သို လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CNFက ထုတ်ပြန်သည်။
ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌ ချင်းပူးပေါင်းတပ်မှ သုံးဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။
