လက်နက်ခဲယမ်းနှင့် မော်တော်ယာဥ်များ ဆုံးရှုံးခဲ့
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ငွေသာကျေးရွာကို မီးရှို့ရန်လာသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရန် ကြိုးပမ်းသည့် PDF အဖွဲ့ဝင်များအနက် ရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် မော်တော်ယာဥ်များလည်း ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၁၁ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ညီနောင်သုံးဖော်အဖွဲ့၊ Shwe Nyar Myae People Defense Force၊ Southern YSO PDF၊ Yesagyo Revolution Group၊Zarmani Blood Guerilla Army.Myaing အဖွဲ့၊ယင်းမာပင်ခရိုင်အမှတ် (၁၀) တပ်ရင်း ဒေါင်နက်နယ်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့်ပုလဲမြို့နယ်ရှိ အခြားမဟာမိတ်များက ရှေ့ထွတ်မိုင်းများဖြင့် တိုက်ခိုက်ရန်သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဥ် စစ်တပ်ကင်းပုန်းနှင့် ထိပ်တိုက်တွေဆုံမိပြီး PDF ရဲဘော်ခြောက်ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ညီနောင်သုံးဖော်အဖွဲ့က ထုတ်ပြန်သည်။

ထိုဖြစ်စဉ်တွင် ရဲဘော် လေးဦးကို မီးရှို့သတ်ဖြတ်ပြီး ကျန်ဒဏ်ရာရရဲဘော် သုံးဦးကို လည်လှီးသတ်ဖြတ်သွားကာ ကား သုံးစီးကို မီးရှို့သွားကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးသည်။
ကျဆုံးခဲ့သည့်ရဲဘော်များမှာ Shwe Nyar Myae People Defense Forceမှ ရဲဘော်လေးဦး၊ ညီနောင်သုံးဖော်မှ ရဲဘော် တစ်ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် တစ်ဦး၊ Yesagyo Revolution Groupက ဒေသကာကွယ်ရေး ရဲဘော် တစ်ဦး စုစုပေါင်း ခုနစ်ဦး ဖြစ်သည်။

ထို့အပြင် Shwe Nyar Myae People Defense Force က MK12သေနတ် တစ်လက်၊ ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း တစ်ခု၊ဗုံးသီးအဆံများ၊ ညီနောင်သုံးဖော်က သေနတ် တစ်လက်၊ ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း တစ်ခု၊ ဗုံးသီးအဆံများ၊ Southern YSO PDF က ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း သုံးခု၊ ဗုံးသီးအဆံများ၊ Yesagyo Revolution Groupက လက်လုပ်ခြောက်ဆယ်ပြောင်း နှစ်ခု ဆုံးရှုံးခဲ့ကြကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။
“ထိပ်တိုက်တိုးသလို ဖြစ်တာ။ ရဲဘော်တွေက နေရာ ပြောင်းအယူ စစ်ကြောင်းနဲ့ တိုးတာ။ အဲ့မှာ ပစ်ခံရတာပဲ။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဆုံးရှုံးနစ်နာမှုများ ရှိနေသော်လည်းစစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဒေသတွင်း PDFအဖွဲ့များက အသိပေးသည်။
ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
