▪︎ရောင်းချပြီးသောအခန်း၆၅၀၀ စာရင်းသွင်းပြီးလျှင်ကျန်အခန်းများဆက်ရောင်းပေးမည်ဟုအသိပေး
NUGက ရောင်းချနေသည့် “နွေဦးစံရိပ်ငြိမ်”တန်ဖိုးသင့် တိုက်ခန်းများကိုဖေဖော်ဝါရီ၁၁ ရက်က စတင်ရောင်းချနေရာကြိုတင်ငွေပေးသွင်း၍အခန်းဝယ်ယူထားသူ ၆၅၀၀ရှိကြောင်း NUG ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် အာဏာရှင်နိဂုံး-The End of Dictatorship (EOD)ကယနေ့ ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထားသောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများဖော်ထုတ်၍ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချပေးနေခြင်းဖြစ်သည်။

မူလက ထိုနေရာသုံးခုမှ တိုက်ခန်းပေါင်း ၂၅၀၀ ခန့်ရောင်းချရန်ကြေညာခဲ့ရာမှ ၊ဝယ်ယူလိုသူများလွန်းသောကြောင့်ထပ်တိုး၍ အခန်း ၁၀၀၀၀ ရောင်းပေးခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီမှစတင်ရောင်းချရာတွင် ကြိုတင်အမှာဖြင့်ဝယ်ယူသွားသော အခန်းပေါင်း ၆၅၀၀ ရှိနေဖြစ်ကြောင်း EODအဖွဲ့ကယနေ့ (ဖေဖော်ဝါရီ ၁၂)အသိပေးသည်။
” EOD ကိုယ်စားလှယ်များထံမှာ ကြိုတင်ငွေပေးသွင်းထားသူ ၆၅၀၀ အတွက် စာရင်းတင်နေကြပြီ ဖြစ်ပါတယ်။ အခုထိ ၅၀၀၀ ကျော် စာရင်းသွင်းပြီး ပါပြီ။ အရေအတွက်များလွန်းတာကြောင့် ရက်ခွဲပြီး စာရင်းသွင်းရ၊ အချက်အလက်တွေ ပြန်စစ်ဆေး နေရတာကို သည်းခံ စောင့်စားကြစေလိုပါတယ်”ဟု ဖော်ပြထားသည်။

ထိုကြောင့်အခန်း ၆၅၀၀ အတွက်စာရင်းသွင်းပြီးပါက ကျန် အခန်း ၃၅၀၀ ကိုဆက်ရောင်းပေးမည်ဟုဆိုသည်။
“ငွေလက်ခံရထားတဲ့ သူတွေကို စာရင်းသွင်းပြီးအတည်ပြုစာတွေပို့နေတာပါ။ ဒါတွေပြီးမှာ အခန်းသစ်တွေ ထပ်ရောင်းမှာပါ”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကPeople’s Spring သို့ပြောသည်။
အဆိုပါတိုက်ခန်းများ၏ တန်ဖိုးမှာ ဒေါ်လာ ၄၄၀၀မှ ဒေါ်လာ ၁၁,၄၀၀ အထိဖြစ်ပြီးဝယ်ယူရာတွင် သတ်မှတ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို တော်လှန်ရေးကာလအတွင်း ၁၂ကြိမ်ခွဲပေးရမည်ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးအပြီးတွင် အရစ်ကျဆက်လက်ပေးသွင်းရမည်ဖြစ်သည်။

နွေဦးစံရိပ်မွန် အိမ်ယာများတွင်လှိုင်သာယာ၊ဘုရင့်နောင် တံတားအဆင်းဘယ်ဘက်ရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၂၀၀၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂) လမ်းမကြီးဘေးရှိ စစ်ကောင်စီ တပ်ရင်း ၃ မြေနေရာ နှင့် မင်္ဂလာဒုံ၊လေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်းရှိစစ်ကောင်စီ တပ်ပိုင်မြေ ၈၀တွင် အိမ်ရာများအကွက်ဖော်ရောင်းချနေခြင်းဖြစ်သည်။
