စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် အင်ကုက္ကားရွာ ပျူစောထီးစခန်းအား တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအများအပြားသေဆုံးကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီလ၉ရက်) နံနက်၁နာရီခန့်ကတန့်ဆည်မြို့နယ်၊ အင်ကုက္ကားရွာရှိ ပျူစောထီးစခန်းကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိပေးသည်။
ထိုသို့ တိုက်ခိုက်ရာ ရဲစခန်းကို မနက် ၇ နာရီ ၅၉ မိနစ်တွင် သိမ်းဆည်းနိုင်ခဲ့သည်။ထိုတိုက်ခိုက်မှုတွင် PDF ၂ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု NUG ၊ကာကွယ်ရေးဝန်ကြီးဌာနကနေ့စဥ်ထုတ်ပြန်သောစစ်ရေးသတင်းတွင်လည်းဖော်ပြထားသည်။
ထို့အပြင် စစ်အုပ်စုရှိရာတန့်ဆည်ရဲစခန်း၊ တန့်ဆည်ဘောလုံးကွင်းနှင့် ထွေအုပ်ရုံးတို့ကိုလည်း ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၄)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅)က ထုတ်ပြန်သည်။
ဖြစ်စဥ်များနှင့်ပတ်သက်၍ PDFအဖွဲ့များထံPeople’s Springက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဖေဖော်ဝါရီလ၆ရက် နံနက်၉နာရီခန့်ကလည်း တန့်ဆည်မြို့မှ ကံထူးမစံပြရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးသေဆုံးခဲ့ကြောင်း Taze PDFက အသိပေးထားသည်။
