တန်ဆောင်မုန်းလပြည့်နေ့တွင် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ သီးမြစ်ချောင်းတဝိုက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့ကပြောသည်။
သီးမြစ်ချောင်းတစ်ဝိုက်အတွင်းချင်းအမျိုးသားတပ်ဦး(CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်(CDF)တို့ရှိသည်ဟုယူဆကာ စစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာ ၇ ရက်) မွန်းလွှဲ ၂နာရီခန့်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းမတိုင်ခင် စစ်ကောင်စီလေတပ်ကယမန်နေ့ (နိုဝင်ဘာ ၆ ရက်)တွင်တိုက်လေယာဉ်ဖြင့် ကင်းထောက်ခဲ့သေးသည်။ကင်းထောက်ပြီးနောက်တစ်နေ့တွင်လေယာဉ်နှစ်စီးဖြင့်ဗုံးကျဲတိုက်ခိုက်လာခြင်ဖြစ်သည်။
ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိ၊မရှိ အခြေအနေကိုမူမသိရသေးပေ။
စစ်ကောင်စီတပ်၏ လေကြောင်းထွက်ခွာမှုများကိုထောက်လှမ်းဖော်ပြပေးနေသော EAR (Enemy Air Route )တယ်လီဂရန်ချန်နယ်၏ ဖော်ပြချက်အရ ချင်းပြည်နယ်တွင်ဗုံးကျဲသောစစ်ကောင်စီတိုက်လေယာဥ်မှာ တံတားဦးလေတပ်မှ နေ့လယ် ၁ နာရီ ၃၃ မိနစ်တွင် ထွက်ခွာသွားပြီး၂ နာရီ ၂၂ မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့သောA-5 Bomer လေယာဥ်ဖြစ်ဖွယ်ရှိသည်။စစ်ကောင်စီတပ်က ဟောင်းနေ၍ ယခင်မသုံးတော့သော A-5 တိုက်လေယာဥ်များကို မကြာသေးခင်က ပြန်လည်ပြင်ဆင်၍ အသုံးပြုရန်စမ်းသပ်ပျံသန်းနေကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သောသတင်းရင်းမြစ်အချို့ကပြောသည်။
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားတွင်ရှိသည့် သီးမြစ်ကူးတံတားကို ၂၀၂၁ အောက်တိုဘာ ၂၁ ရက်တွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့်ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CDF) တို့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထိုတံတားသည် စစ်ရေးဗျူဟာအရ အချက်အချာကျပြီး စစ်ကောင်စီတပ်၏ ထောက်ပို့ရေးလမ်းကြောင်းကို နှောင်းနှေးစေရန်အတွက်ဗုံးခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးသည်။
စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
အောက်တိုဘာလလကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုမရှိဟုသိရသည်။
